စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေကူတဲစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အင်အား(၅၀၀)ဝန်းကျင်ဖြင့် ရွှေကူတဲစုရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်(၈)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
"ဝင်မီးရှို့တဲ့ စစ်ကောင်စီတပ် အနောက်ခြမ်း ပျဉ်ထောင်ရွာ ပျူစောထီးစခန်း အခြေချတပ်သားတွေနဲ့ပျူစောထီးတွေပါ။ ရွာထဲက ရှင်ပြုအလှူကို ဖျက်ဆီးပြီး အလှူကစ္စည်းတွေ ယူသွားတယ်။"ဟု ဒေသခံတစ်ဦး Tachileik News Agency ကိုပြောသည်။
ရှင်ပြုအလှူကို ဝင်ရောက်ဖျက်ဆီးပြီးနောက် အလှူအိမ်အနီးဝန်ကျင်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
"နေအိမ် (၈)လုံးနဲ့ ရိတ်သိမ်းထားတဲ့ စပါးအတင်းရေ ရာချီပြီး ဆုံးရှုံးသွားတယ်။"ဟုလည်း ဒေသခံတစ်ဦးက ဆက်ပြောသည်။
မီးရှိူ့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်သားများသည် ပျဉ်ထောင်ရွာ ပျူစောထီးစခန်းအတွင်းသို့ ပြန်သွားသည်ဟု သိရသည်။
လက်ရှိတွင် ရွှေကူတဲစုကျေးရွာမှ ဒေသခံများလည်း ကျေးရွာအတွင်းမှ ထွက်ပြေးနေကြရသည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး