မြဝတီတစ်ဖက်ကမ်း ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်

မြဝတီတစ်ဖက်ကမ်း ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်နယ်မြေအတွင်း ထိုင်းနယ်စပ်လုံခြုံရေးဂိတ်များအား တိုးမြှင့်လိုက်ကြောင်း ဒေသအခြေစိုက် ထိုင်းသတင်းဌာနများတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့က သတင်းဖော်ပြကြသည်။

မြန်မာနိုင်ငံ မြဝတီဘက်ခြမ်း တရုတ်လုပ်ငန်းများရှိရာနယ်မြေ၏ တစ်ဖက်ကမ်းရှိ ထိုင်းနယ်စပ်တလျှောက်တွင် ထိုင်းစစ်တပ်ဦးဆောင်သည့် နယ်စပ်လုံခြုံရေးအဖွဲ့များက လုံခြုံရေးဂိတ်များ ထပ်တိုးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း နယ်စပ်သောင်ရင်းမြစ်ကမ်း၌ တည်ရှိသည့် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်မှ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းသို့ တရုတ်သရုပ်ဆောင်တစ်ဦး ထိုင်းနယ်စပ်ဖြတ်ကျော်ကာ လူကုန်ကူးခံရမှုအား ထိုင်းနိုင်ငံက ရှာဖွေကယ်ထုတ်မှုအပြီးတွင် အလားတူ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများအား ကယ်ထုတ်ပေးရန် ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ ထပ်မံထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်များကြောင့် ထိုင်းနိုင်ငံလွှတ်တော်တွင်လည်း နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးရေးအတွက်  လုံခြုံရေးအဖွဲ့များ၏ အစီအမံများအား မေးခွန်းထုတ်ပြီး နယ်စပ်အား အထူးစောင့်ကြည့်ရေးဇုန် ထူထောင်ရေးဆွေးနွေးမှုကို ထိုင်းအတိုက်အခံပါတီလွှတ်တော်အမတ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဆွေးနွေးခဲ့သည်။

ယင်းအပြင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို ကျားဖြန့်ငွေလိမ်ဂိုဏ်းက AI နည်းပညာသုံး၍ ငွေလိမ်ရန်ကြိုးပမ်းမှုကို ကြုံရကြောင်း ဇန်နဝါရီလ (၁၅)ရက်နေ့တွင် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ယင်းနောက် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ထိုင်းနယ်စပ် ကင်းလှည့်တပ်ဖွဲ့များက မြန်မာနယ်စပ်တလျှောက်တွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်ဟု သတင်းများ ထွက်ပေါ်လာသည်။

အလားတူ မြန်မာနိုင်ငံ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုအထူးဒေသအား တာဝန်ယူထားသည့် BGF နှင့် DKBA မှ ခေါင်းဆောင်များအပါအဝင် အဆိုပါဒေသတွင်း လုပ်ငန်းလုပ်ကိုင်နေကြသည့် တရုတ်စီးပွားရေးလုပ်ငန်းများမှ စီးပွားရေးသမားများ စုစုပေါင်း လူဦးရေ (၆၀) က အရေးပေါ်အစည်းအဝေးကျင်းပပြီး  ကျားဖြန့်ဂိုဏ်းများဖေါ်ထုတ်ရေး အရေးပေါ်အစည်းအဝေး ကျင်းပကြသည်။

ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်သည် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၏ ငွေလိမ်မှု၊ လူကုန်ကူးမှု၊ လူကုန်ကူးခံရသူများအား မတရားညှင်းပန်းနှိပ်စက်မှုများဖြင့် မကြာခဏ သတင်းများထွက်ပေါ်နေသည့်နေရာဖြစ်သည်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများတွင် ဓါးစာခံဖြစ်နေသည့် တရုတ်နိုင်ငံသားများအား ကယ်ဆယ်ရေး အစွမ်းကုန်ဆောင်ရွက်မည်ဟု တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားမှုကို တရုတ်အစိုးရအာဘော်သတင်းဌာနဖြစ်သည့် CCTV က ထုတ်လွှင့်သွားကြောင်း ဇန်နဝါရီလ (၁၆)ရက်နေ့ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက နယ်စပ်မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျားဖြန့်များတွင် လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများအား ကယ်တင်ခြင်းနှင့် တရုတ်နိုင်ငံသားများအား ငွေလိမ်သည့် ကျားဖြန့်များအား နှိမ်နှင်းခြင်းကို ၂၀၂၃ ခုနှစ်အတွင်း လုပ်ဆောင်သွားခဲ့သည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency 

Photo: MRG