ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရကြောင်း KNU ဗဟိုထံမှ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့နယ် မောင်းမကျေးရွာအုပ်စု ကမိုင်းကုန်းကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကမိုင်ကုန်းကျေးရွာနေ အသက် (၂၇)နှစ်အရွယ်ရှိ စေသား မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ၊ အသက် (၅၇)နှစ် အရွယ်ရှိ စောပလုံးချီ (ခေါ်) ဦးမောင်အောင်မြင့်သည် ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်နေစဉ် သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲများဖြစ်ပွားခြင်းရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ပြည်သူများနေထိုင်သည့် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် သော်လည်းကောင်း ၊ ဒရုန်းများဖြင့် သော်လည်းကောင်း အမြဲပစ်ခတ်လျှက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ်ကျူးလွန်လျှက်ရှိကြောင်း KNU ဗဟိုက အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဒူးပလာယာ (ကော့ကရိတ်) ခရိုင်အတွင်း ဒေသခံ (၂၁၀,၂၆၅)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:KNU - Dooplaya District