ပြည်တွင်း ပြည်ပရန်ကို ကာကွယ်ပေးပြီး အထောက်အပံ့များ ဆက်လက်ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း မြန်မာစစ်အာဏာရှင်ဟောင်းက တရုတ်ကို ပြော

ပြည်တွင်း ပြည်ပရန်ကို ကာကွယ်ပေးပြီး အထောက်အပံ့များ ဆက်လက်ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း မြန်မာစစ်အာဏာရှင်ဟောင်းက တရုတ်ကို ပြော

 စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ပြည်ပဝင်ရောက်စွတ်ဖက်ခြင်း ရန်ကို အကာအကွယ်ပေးရန်နှင့် ပြည်တွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ပေးပြီး တန်ဖိုးရှိသည့် အထောက်အပံ့များကို ဆက်လက်ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့်တွေ့ဆုံပြီး ပြောကြားလိုက်သည်။

 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ခရီးစဉ်အတွင်း စစ်အာဏာရှင်ဟောင်း (ဗိုလ်ချုပ်မှူးကြီး)ဦးသန်းရွှေ တို့  ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့က နေပြည်တော်ရှိ ဦးသန်းရွှေ၏ နေအိမ်ဟု ယူဆရသည့် နေရာတွင် တွေ့ဆုံကာ ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာဆန့်ကျင်ကြောင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆို ပြုမှုမှုများကို အခိုင်အမာဆန့်ကျင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက် ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေး ကြိုးပမ်းမှုများနှင့် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုများကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောဆိုကြောင်း ကို တရုတ်အစိုးရပိုင် ဆင်ဟွာမီဒီယာက ဖော်ပြထားခြင်း ဖြစ်သည်။

တရုတ်ရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။