စစ်ရေးရလဒ်များ၏ နောက်တွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပီပြင်စွာဖော်ဆောင်နိုင်ရေးကို အလေးအနက်ထားရန် NUG ယာယီသမ္မတ အသိပေး

စစ်ရေးရလဒ်များ၏ နောက်တွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပီပြင်စွာဖော်ဆောင်နိုင်ရေးကို အလေးအနက်ထားရန် NUG ယာယီသမ္မတ အသိပေး

စစ်ရေးရလဒ်များ၏ နောက်တွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအား ပီပြင်စွာ ဖော်ဆောင်နိုင်ရေးကို အလေးအနက်ထားရန်  ၂၀၂၄ခုနှစ် သြဂုတ်လ ( ၂၀ ) ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးပြောဆိုသည်။

စစ်ရေးရလဒ်များ၏ နောက်တွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအား ပီပြင်စွာ ဖော်ဆောင်နိုင်ရေးကို အလေးအနက်ထားရန်နှင့် သိမ်းပိုက်နယ်မြေများကို ထိန်းချုပ်နယ်မြေများအဖြစ် မြဲမြံစေရန်အတွက် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ဆိုသည်။

“စစ်မှာ သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုပါတယ်။ ခုခံတော်လှန်စစ်အရ မြို့တွေ ရွာတွေကို သိမ်းပိုက်နိုင်ခြင်းဟာ နိုင်ငံရေးပုံရိပ်အရ လူထုကြားထဲမှာ အားပေးထောက်ခံမှု ရတယ်ဆိုပေမယ့် တဖက်မှာလည်း သိမ်းပိုက်နယ်မြေကို ထိန်းချုပ်နယ်မြေအဖြစ် ပုံဖော်ဖို့ အားနည်းတာဟာ လူထုအတွက်ရော၊ တော်လှန်ရေးအတွက်ပါ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

ခုခံတော်လှန်စစ်မှ စစ်ရေးအောင်ပွဲများ၏ နောက်ဆက်တွဲအနေဖြင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကိုပါ တွဲဖက် လုပ်ဆောင်ရခြင်းများရှိလာပြီး တော်လှန်ရေးလုပ်ရင်း နိုင်ငံရေးကိစ္စများကိုပါ ပူးတွဲလုပ်ဆောင်နေရကာ ကဏ္ဍအလိုက် အရေးကြီးသည့်ကိစ္စရပ်များဖြစ်သည့်အတွက် တစ်ခုခုကို ချန်လှပ်ထားခဲ့တာမျိုး လုပ်ဆောင်၍မရကြောင်း ၎င်းက ဆိုသည်။

“လူထုတော်လှန်ရေးရဲ့ သဘောကတော့ စစ်ရေးအားသာချိန်မှာ စစ်ရေးဘက်ကို တိမ်းညွှတ်ချက် များသွားပြီး တခြားသော ကဏ္ဍတွေမှာ မှေးမှိန်သွားတာမျိုး ဖြစ်လေ့ရှိပါတယ်။ တကယ်တော့ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေး - စစ်ရေး - နိုင်ငံရေး အပါအဝင် အုပ်ချုပ်ရေးကိစ္စရပ်တွေကပါ ယှဉ်တွဲပြီး လုပ်ဆောင်နေကြရတာကို မြင်နိုင်ဖို့ လိုပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

မြန်မာပြည်သည် ရေမြေသယံဇာတက ပေါများပြီး စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒအားဖြင့် ထိန်းကွပ်ပေးမှုရှိမှ တိုင်းပြည်ဖွင့်ဖြိုးရေးမည်ဖြစ်ကာ ၊ စီမံခန့်ခွဲမှု ညံဖျင်းပါက သယံဇာတကျိန်စာ သင့်မည်ဖြစ်သဖြင့် တော်လှန်ရေးကာလအတွင်း၌လည်း တည်ဆောက်ရေးအရ အောင်မြင်စေရန် မူဝါဒ ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများ အသုံးပြု စီမံခန့်ခွဲနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုစီးပွားအရ တရားမျှတမှု ရှိဖို့နဲ့ ဓနဥစ္စာ ခွဲဝေမှုတွေ ညီညွတ်မျှတမှသာ ငြိမ်းချမ်းဖွံ့ဖြိုးတဲ့နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ နိုင်ငံတော်ကို စီမံအုပ်ချုပ်တဲ့အခါမှာ အမြော်အမြင်ရှိမှုနဲ့ တရားမျှတမှုကို အခြေခံတဲ့ မူဝါဒတွေ ကျယ်ပြန့်ဖို့ဟာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။” ဟု ယာယီသမ္မတက ပြောဆိုသည်။

အုပ်ချုပ်စီမံမှုလမ်းစဉ်များကို အကောင်အထည်ဖော်သည့်အခါ လူထုအကျိုးအတွက် အခြေခံမူကောင်းများ အသက်ဝင်ရေးကို အလေးအနက်ထားရန်နှင့် သယံဇာတများကို စီမံခန့်ခွဲရာတွင်လည်း လူမှုတရားမျှတမှုနှင့် ဓနဥစ္စာ ခွဲဝေမှု ညီမျှရေးကို အခြေခံထားပြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်များသည် စစ်ကိုင်းတိုင်းအတွင်းရှိ ခါမ်းပါတ် ၊ ရွှေပြည်အေး ၊ မြို့သစ်နှင့် မော်လူးမြို့များကို သိမ်းပိုက်ထားပြီး ၊  ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မဟာမိတ်များနှင့်အတူ မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးနှင့် တကောင်းမြို့များကို သိမ်းပိုက်ထားကာ အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။