ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ်စုဆောင်းခံရသည့် တာလေမြို့မှ လူငယ်တစ်ဦး ထွက်ပြေးသွား၍ ရှာဖွေ ဖမ်းဆီးရန် လုပ်ဆောင်နေ

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ်စုဆောင်းခံရသည့် တာလေမြို့မှ လူငယ်တစ်ဦး ထွက်ပြေးသွား၍ ရှာဖွေ ဖမ်းဆီးရန် လုပ်ဆောင်နေ

 စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် နည်းလမ်းအမျိုးမျိုးအသုံးပြုကာ စစ်သားစုဆောင်းခံရသူများအနက် တာချီလိတ်ခရိုင်အတွင်း တာလေမှ လူငယ်တစ်ဦးကို စစ်သင်တန်း မတက်မီ ထွက်ပြေးသွား၍ ရှာဖွေ ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း တာလေမြို့နေ အသက်(၁၉)နှစ်အရွယ်ရှိ ဟိန်းသန့်ဇင်သည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၆/၂၀၂၄)တွင် တပ်သားသစ်အဖြင့် စုဆောင်းခံရသူဖြစ်ပြီး ၎င်းသည် စစ်သင်တန်း တက်ရောက်ရန် ဆေးစစ်ပြီး ဖြစ်သော်လည်း  စစ်သင်တန်းမတက်ရောက်မီအချိန်တွက် ထွက်ပြေးသွား၍ ၎င်းအား ဖမ်းဆီးအရေးယူရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

"စုရပ်အဖြစ် ထားတဲ့နေရာကနေ ထွက်ပြေးသွားတဲ့ သဘောပဲဗျ။ သူ့ရဲ့ မှတ်ပုံတင်နံပါတ်တွေနဲ့ လိပ်စာတွေ စတဲ့ အချက်အလက်တွေကတော့ သူတို့စီမှာရှိတယ်။ အခုလိုပဲ ထွက်ပြေးကြတဲ့ လူငယ်တွေလည်းရှိတယ်"ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပြောသည်။

 စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၆/၂၀၂၄)အတွက် စစ်သင်တန်း တက်ရောက်ရန် တာချီလိတ်၊ တာလေ၊ ကျိုင်းလပ် စသည့်  တာချီလိတ်မြို့နယ်တခုလုံးအနေဖြင့် (၅၄)ဦး ပို့ဆောင်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း စစ်ရှုံးနေပြီး စစ်သည် အင်အားလျော့နည်းလာချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းကာ စစ်သားသစ်အတွက် အတင်းအဓမ္မ လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေရာ ရှေ့တန်း စစ်မြေပြင်တွင် စစ်သုံ့ပန်းအဖြစ် အဖမ်းခံရသူများနှင့် သေဆုံးသူများထဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲသွင်းခံရသည့် စစ်သားသစ်များစွာ ပါဝင်နေသည်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ထုတ်ပြန်သည့် ဓါတ်ပုံနှင့်ဗီဒီယိုများတွင် တွေ့ရသည်။