ရှမ်း(ရှေ့) ခလရ(၂၉၃)မှ ဗိုလ်မှူးတစ်ဦး တိုက်ပွဲအတွင်း သေဆုံး

ရှမ်း(ရှေ့) ခလရ(၂၉၃)မှ ဗိုလ်မှူးတစ်ဦး တိုက်ပွဲအတွင်း သေဆုံး

 စစ်ဖြစ်ပွားရာဒေသများသို့  အင်အားဖြည့်တင်းနေရသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များထဲက အမှတ်(၂၉၃)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးတစ်ဦး ရှေ့တန်းတွင် သေဆုံးသွားကြောင်း သိရသည်။

ကျိုင်းတုံခရိုင်၊ တုံတာမြို့အခြေစိုက် အမှတ်(၂၉၃)ခြေလျင်တပ်ရင်း အသက်(၃၂)နှစ်အရွယ် ဗိုလ်မှူးသန့်ဇင်ထက်သည် ၂၀၂၄ခုနှစ် ဧပြီလ(၁၉)ရက်နေ့က ရှေ့တန်းစစ်မျက်နှာပြင် တိုက်ပွဲအတွင်း သေဆုံးသွားခြင်း ဖြစ်ပြီး ဆွမ်းသွပ်တရားနာမှုကို ဧပြီလ(၂၅)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ဆွမ်းသွတ်တရားနာ ဖိတ်စာအရ သိရသည်။

၎င်းသည် မည်သည့် ဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးသည်ကိုတော့ မသိရသေးပေ။

အမှတ်(၂၉၃)ခြေလျင်တပ်ရင်းနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ ည(၆)နာရီက ဗိုလ်ကြီးနေလင်းထက်သည် CDM လုပ်ဆောင်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌  တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များထဲက အချို့ တပ်ဖွဲ့အင်အားများကို  တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ အင်အားဖြည့်တင်းမှုများ ရှိနေလျက်ဖြစ်ရာ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ တာချီလိတ် နှင့် မိုင်းပျဉ်းတို့မှ ဗိုလ်ကြီးကနေ ဗိုလ်မှူးအဆင့်ရှိသူ အချို့မှာ ရှေ့တန်းသို့ ပို့ခံရမည်ကို စိုးရိမ်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။

"ရှမ်း(ရှေ့)ဆိုရင် အဓိက က ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းယောင်းတို့မှာ ကျနေတဲ့ အများအားဖြင့် ဗိုလ်ကြီးကနေ ဗိုလ်မှူးအထိက ရှေ့တန်းကို ပို့ခံရမှာ ကြောက်ကြတယ်။ အာဏာမသိမ်းမီကာလတွေတုန်းက ရှမ်းမြောက်ဘက် ပို့ခံရတုန်းက သူတို့ မကြောက်ကြဘူး။ အခု အာဏာသိမ်းကာလမှာတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို ပို့ခံရမှာ ကြောက်လာကြတယ်။ ဒီဒေသတွေမှာ တာဝန်ကျရင် ငွေရမဲ့ နည်းလမ်းတွေက များတယ်လေ။ တချို့ အရာရှိကြီးတွေဆိုရင်လည်း ငွေရမဲ့ လမ်းကြောင်းတွေကို တွေ့ပြီး တပ်က ထွက်ပြီး ဒီဘက်မှာ အခြေချလိုက်တာတွေလည်း ရှိတယ်။ နောက်ပြီး အပျော်အပါးလည်း များတယ်။ မိုင်းယောင်းက အသိ အရာရှိတွေဆိုရင် တာချီလိတ်မှာ ညဘက်တွေ လာလာကဲနေတာ ခဏခဏပဲ"ဟု စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။