စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်း ခရီးသွားပြည်သူများအား မိုင်းရှာဖွေရှင်းလင်းခိုင်းသည့် စစ်ကောင်စီစစ်ကြောင်း အဝေးထိန်းမိုင်းပါသည်ကို မသိဘဲ သိမ်းဆည်းသွားစဉ် ဖောက်ခွဲတိုက်ခိုက်ကြောင်း လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃) ထံမှ သိရသည်။
ချောင်းဦးမြို့အတွင်းမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် အင်အား (၃၀)ကျော်ဖြင့် မိုင်းရှင်းလင်းရန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ချောင်းဦး-မြင်းမူ ကားလမ်းမပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ မိုင်းကွင်းများအနီးအရောက်တွင် ခရီးသည်တင်ကား (၂)စီးအား တားဆီး၍ ခရီးသွားပြည်သူများအား မိုင်းများကို ရှာဖွေရှင်းလင်းစေခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူများ ရှင်းလင်းရှာဖွေပေးသည့် မိုင်းအလုံး (၃၀)၊ ဘက်ထရီအိုး (၇)လုံးနှင့် အဝေးထိန်းမိုင်း (၁) လုံးတို့အား မိုင်းကွင်းများမှ ကားဖြင့်သယ်ဆောင်သွားပြီး ချောင်းဦးမြို့နယ်အတွင်းရှိ ခရေဖြူ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ကားပေါ်မှ မိုင်းများချနေစဉ် တော်လှန်ရေးတပ်ဖွဲ့များမှ အဝေးထိန်းမိုင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
ဖောက်ခွဲမှုလုပ်ဆောင်စဉ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ထင်းနှင့်သဲ ပို့ဆောင်ရန် ရောက်ရှိနေသည့် ပြည်သူတစ်ဦးလည်း မိုင်းစထိမှန်၍ ရင်ဘတ်နှင့်ခေါင်း၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပြီး ၊ မတော်တဆ မိုင်းထိမှန်ခဲ့သည့် ပြည်သူအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ ) က ထုတ်ပြန်သည်။
ဆက်လက်၍လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အခါအခွင့်သင့်သလို အချိန်မရွေး နေရာမရွေး တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အနီးကပ်သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃) က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုအား လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ-၃)၊ Eleven People Defence Force၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းနှင့် Nway Oo Brothers Column (နွေဦး ညီကိုများ စစ်ကြောင်း)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE