တရုတ်မင်းသား BGF ဌာနချုပ်ဖြစ်သည့် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းတွင် လူကုန်ကူးခံရမှု ဗိုလ်မှူးကြီး စောချစ်သူ ငြင်းဆိုခြင်းမရှိ

တရုတ်မင်းသား BGF ဌာနချုပ်ဖြစ်သည့် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းတွင် လူကုန်ကူးခံရမှု ဗိုလ်မှူးကြီး စောချစ်သူ ငြင်းဆိုခြင်းမရှိ

တရုတ်မင်းသား Wang Xing (Xing Xing) ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဌာနချုပ် ရွှေကုက္ကိုလ်မြို့တွင် လူကုန်ကူးခံရသည်ကို BGF မှ ဗိုလ်မှူးကြီး စောချစ်သူက Tachileik News Agency ကို ငြင်းဆိုခြင်းမရှိပါ။

Tachileik News Agency က ဗိုလ်မှူးကြီးစောချစ်သူကို ဆက်သွယ်မေးမြန်းရာ“ကိုမောင်ဝင်းကိုမေးပါနော်။ ဗိုလ်မှူးချုပ် ဇော်မောင်ဝင်းကိုမေးပါ။ သူ့ကို ကျွန်တော်တာဝန်ပေးထားတယ်နော်။ တရုတ်မင်းသားဖြစ်စဉ်နဲ့ ပတ်သက်တဲ့ဟာကို အချက်အလက်လည်း အပြည်အစုံရှိပါတယ်။”ဟု ပြန်လည်ဖြေကြားသည်။

ဗိုလ်မှူးချုပ် ဇော်မောင်ဝင်းကို Tachileik News Agency က ထပ်မံဆက်သွယ်မေးမြန်းရာ အပြင်ထွက်သွားသည်ဟုသာ‌ ဖုန်းလက်ခံသူက ပြန်လည်ဖြေကြားသည်။ 

တရုတ်မင်းသားသည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် ထိုင်းနိုင်ငံသို့ အလုပ်ကိစ္စနှင့် ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် မဲဆောက်မှတဆင့် မြန်မာဖက်ခြမ်း ရွှေကုက္ကိုလ်မြို့တွင်းရှိ ကျားဖြန့်လုပ်ငန်းတွင် သို့ရောက်ကာ ငွေလိမ်ရန် လေ့ကျင့်ပေးခံရသည်ဟု ဆိုသည်။

ထို့နောက် ဇန်နဝါရီလ(၇)ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က တရုတ်မင်းသားကို ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ပြီးနောက် လူကုန်ကူးခံခဲ့ရသည့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော စိုးရိမ်မှုအခြေအနေများအတွက် အမြန်ဆုံး ထိထိရောက်ရောက်တုံ့ပြန်ရန် သက်ဆိုင်ရာအာဏာပိုင်များအား ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်သည်။ 

တရုတ်မင်းသား ပျောက်ဆုံးသွားသည့်သတင်းကို သူ့၏ချစ်သူက လူမှုကွန်ရက် မီဒီယာတွင် မျှဝေခဲ့ရာက လူသိရှင်ကြားဖြစ်သွားပြီး တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးတို့၏ ပါဝင်ကူညီမှုနှင့်အတူ ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ကြခြင်းဖြစ်သည်။

၎င်းကို တရုတ်နိုင်ငံသား (၅၀)ဦးနှင့်အတူထားရာက ထိုင်းရဲတပ်ဖွဲ့သည် ကရင်နယ်ခြားစောင့်တပ် (BGF)နှင့်  ညှိနှိုင်း၍ ခေါ်ဆောင်လာခဲ့ရသည်ဟုလည်း သိရသည်။  

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက ကျားဖြန့်လုပ်ငန်းများလုပ်နေသည့် နိုင်ငံခြားသားများအားလုံး ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF)က ၂၀၂၄ ခုနှစ် မတ်လ(၃)ရက်နေ့က သတိပေးစာ ထုတ်ပြန်ခဲ့သည်။ 

သတိပေးစာတွင် မြန်မာ၊ တရုတ်၊ အင်္ဂလိပ် သုံးဘာသာဖြင့်ရေးထားပြီး ၂၀၂၄ခုနှစ် မေလ(၁)ရက်နေ့မှ အောက်တိုဘာလ (၃၁)ရက်နေ့အအတွင်း ထွက်ခွာရန်၊ တရားမဝင်နယ်စပ် ဖြတ်ကျော်လာသူများအနေဖြင့်လည်း လာရာလမ်းအတိုင်းပြန်ရန် စာထုတ်ပြန်ခဲ့သော်လည်း BGF ထိန်းချုပ်ဒေသတွင် ၂၀၂၅ခုနှစ်အထိ ကျားဖြန့်လုပ်ငန်းများ ကြီးစိုးနေဆဲဖြစ်သည်။

ဗိုလ်မှူးကြီးစောချစ်သူသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလက ဗြိတိန်နိုင်ငံ၏ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့ကန့်သတ်အရေးယူမှုထဲတွင် ပါဝင်ခဲ့သည်။ 

 

ပိတ်ဆို့ကန့်သတ်ရခြင်းမှာ ကျားဖြန့်လုပ်ငန်းများအတွက် အလုပ်လုပ်ပေးရန် သွေးဆောင်ဖြားယောင်းခြင်း၊  အတင်းအကျပ်အဓမ္မ ပုံစံခိုင်းစေခြင်း စသည့် လူကုန်ကူးမှုများတွင် ပါဝင်ပတ်သက်သူဟု ယူဆခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:Khaosod English