စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ် ဇီးတောရွာမှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ကြောင်း ယင်းမာပင်ခရိုင်အမှတ် (၃၆) တပ်ရင်း ဗျူဟာ (၄၇) ထံမှ သိရသည်။
ဘုတလင်မြို့နယ် ကူတော်ရွာ ရဲစခန်းမှ ခြေလျှင်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဇီးတောကျေးရွာတွင် လာရောက်ခေါ်ဆောင်သည့် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ကား (၄)စီးပါ ယာဉ်တန်းကို အပြန်လမ်းတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့၌ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဇီးတောအထွက်ကို တိုက်ဖို့လုပ်ခဲ့တာပါ။ နယ်မြေခံတွေနဲ့ ညှိနှိုင်းတာ ည (၉)နာရီမှ အဆင်ပြေလို့ နည်းနည်းနောက်ကျသွားတာပါ။ အဲ့တော့ ကားတန်းကိုဘဲ ပစ်ခတ်လိုက်ရတာပါ။ ကားတန်းကို ရှေ့ပွိုင့်အဖွဲ့ဖြစ်တဲ့ စက်ကလေးသမားတွေနဲ့ MA 2၊ ၄၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီဘက်က အထိအခိုက်ကိုလဲ မသိရသေးပါ။” ဟု ယင်းမာပင်ခရိုင်အမှတ် (၃၆) တပ်ရင်း ဗျူဟာ (၄၇) စစ်ကြောင်းမှူးက Tachileik News Agency ကို ပြောသည်။
ဇီးတောကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိနေပါက ၀င်ရောက်တိုက်ခိုက်ရန်ကိုလည်း အဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်မှုမရှိခဲ့ကြောင်း ၄င်းကဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်အမှတ် - ၃၆ တပ်ရင်း ၊ ယင်းမာပင်ခရိုင်ဗျူဟာ (၄၇)နှင့် ယင်းမာပင်မြို့နယ် လက်ရုံးတပ် ULF စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:ယင်းမာပင်ခရိုင်အမှတ် (၃၆) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)