ဝက်လက်မြို့ အုန္နဲဘုတ်ရွာကို ၀င်ရောက်စီးနင်းထားသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက်

ဝက်လက်မြို့ အုန္နဲဘုတ်ရွာကို ၀င်ရောက်စီးနင်းထားသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၀က်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို ၀င်ရောက်စီးနင်းထားသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သုံ့ပန်း (၃) ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုထံမှ သိရသည်။

“လေးရက်နေ့ မနက်ခင်းက ဆားတောင်က ထွက်လာတဲ့စစ်ကြောင်းက လေးရက်နေ့ ညနေပိုင်းမှာ အုန္နဲဘုတ်ကျေးရွာကို ၀င်ရောက်စီးနင်းတာဖြစ်ပါတယ်။ စီးနင်းတဲ့အခါ အုန္နဲဘုတ်ရွာအပါအ၀င် ဘေးက ရွာတွေကနေ ဖမ်းဆီးခံရတဲ့ ပြည်သူ လေးငါးယောက် ရှိပါတယ်ဗျ။ ရွာထဲဝင်တဲ့အချိန်မှာတော့ သူတို့ အိမ်တွေဘာတွေ မီးရှို့တာတော့ မရှိဘူး။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့ကျဆုံးတဲ့ အလောင်းတွေကို ကောက်ရိုးပုံထဲထည့် မီးရှို့တဲ့အခါ ကောက်ရိုးပုံရော ဘေးနားက အိမ်တွေပါ မီးလောင်သွားတဲ့အတွက် တစ်အိမ် နှစ်အိမ်တော့ မီးလောင်သွားပါတယ်။” ဟု ရွှေဘိုခရိုင်အမှတ် (၁၈)တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး (ပဲခူး) က Tachileik News Agency ကို ပြောသည်။

၀က်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို အင်အား (၇၀)ခန့်ဖြင့် ၀င်ရောက်စီးနင်းထားသည့် စစ်ကောင်စီတပ်၏ တပ်မ (၃၃)စစ်ကြောင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့​​ခြင်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့အကြား (၅)နာရီခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ (၄)စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀)ကျော် လုပ်ဆောင်၍ ခုခံခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အုန္နဲဘုတ်ကျေးရွာအား အပြီးသတ် တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

“သူတို့ ဖမ်းသွားတဲ့ အရပ်သားတွေကိုတော့ သူတို့ ဆုတ်ခွာချိန်မှာ ပြန်လွှတ်သွားပါတယ်။ အရပ်သား အထိအခိုက်တော့ ဘာမှမရှိပါဘူးဗျ။ လက်ရှိအချိန်မှာတော့ ဆုတ်ခွာသွားတဲ့တပ်က ကစဉ့်ကလျားနဲ့ တပ်ပျက်နေပြီးတော့ တောထဲမှာ ပျောက်နေတဲ့အနေအထားရှိပါတယ်။ ကျနော်တို့ လိုက်လံ ရှင်းလင်းနေပါတယ်။”ဟု ရွှေဘိုခရိုင်အမှတ် (၁၈)တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး (ပဲခူး) က ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ကျော် သေဆုံးပြီး (၃)ဦး အရှင်ဖမ်းမိကာ MA-1 (၅)လက် ၊ လက်ပစ်ဗုံး (၂)လုံး၊ ရှေ့ထွက်မိုင်း (၁)လုံး ၊ မြင်းခွာနင်းမိုင်း (၄)လုံး၊ ဒရုန်းဖြတ်စက် (၁)ခု နှင့် ၆၀ မမ ဗုံးသီး (၃)လုံး သိမ်းဆည်းရမိကြောင်း ရွှေဘိုခရိုင်အမှတ် (၁၈)တပ်ရင်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း ၊ ရွှေဘိုခရိုင် အမှတ်(၂၃) တပ်ရင်း ၊ ကြောင်လက်သည်းတပ်ဖွဲ့ ၊ တပ်ရင်း ၁၈ တပ်ခွဲ (၁) ဝက်လက်မင်းသားကြီးအဖွဲ့ ၊ တပ်ခွဲ (၂) ProLife အဖွဲ့ ၊ တပ်ခွဲ (၃) ဗိုလ်သင်္ချိုင်းအဖွဲ့ ၊ တပ်ခွဲ (၄) ဗိုလ်ကျားကြီးအဖွဲ့ ၊ ဝက်လက်ဒေါင်းနီအဖွဲ့နှင့် ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစု