ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦး အမြင့်ပေ ၂၀ ကျော် အုတ်ရိုးပေါ်မှ ဓာတ်လိုက်ပြုတ်ကျ

ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦး အမြင့်ပေ ၂၀ ကျော် အုတ်ရိုးပေါ်မှ ဓာတ်လိုက်ပြုတ်ကျ

မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦး အမြင့်ပေ (၂၀)ကျော် အုတ်ရိုးပေါ်မှ ဓာတ်လိုက်ပြုတ်ကျမှု ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၁၂)ရက်နေ့ ညနေပိုင်းက အမျိုးသမီးအဆောင်နှင့်အမျိုးသားအဆောင်ကြားသွပ်ကာချိန် အကျဉ်းသားတစ်ဦး ဓာတ်လိုက်၍ အမြင့်ပေ(၂၀)ကျော် အုတ်ရိုးအထက်မှ ပြုတ်ကျခဲ့ကြောင်း သိရသည်။

"သူက နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။ အခုတော့ မကြာခင်အသေးစိတ်ထုတ်ပြန်နိုင်ဖို့ ထပ်ကြိုးစားနေပါတယ်။"ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် အဆိုပါအကျဉ်းသားအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

"အမြင့်ပေ(၂၀)တွင်အလုပ်လုပ်ခိုင်းတော့လည်း ထောင်အာဏာပိုင်များအနေဖြင့် တက်ရောက်အလုပ်လုပ်ကိုင်ရမည့်သူအား အန္တရာယ် ကင်းစေသည့် အသုံးအဆောင်ပစ္စည်းများစီမံပေးခဲ့‌ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ပြုတ်ကျရသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး  အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေနှင့် အဆိုပါအကျဉ်းသား ရင်ဆိုင်နေရသည်။"ဟုလည်း PPNM က သတင်းထုတ်ပြန်ထားသည်။

အကျဉ်းသူများမှ ဓာတ်လိုက်ပြီး ပြုတ်ကျခဲ့သည့် အကျဉ်းသားအား အမြန်ဆုံးဆေးရုံပို့ပေးရန် ဝိုင်းဝန်းအော်၍ တောင်းဆိုပေးခဲ့ကြခြင်းသာရှိပြီး ဆန္ဒပြခြင်းမရှိခဲ့ဟု သိရသည်။

#TachileikNewsAgency