ချင်းပြည်နယ် ကန်ပက်လက်မြို့မှ စခန်းစွန့် ဆုတ်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်သုံ့ပန်း (၂) ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ဂန့်ဂေါခရိုင် အမှတ် - ၆ တပ်ရင်း ) ထံမှ သိရသည်။
ကန်ပက်လက်မြို့မှ စခန်းစွန့် ဆုတ်ခွာလာသည့် အင်အား (၅၄) ဦးခန့်ပါရှိသည့် စစ်တပ်နှင့် ရဲ ပူးပေါင်းစစ်ကြောင်းသည် ဆောမြို့မှတဆင့် လောင်းရှည်ရွာရှိ စစ်ကောင်စီစခန်းသို့ သွားရောက် ပူးပေါင်းစဥ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့နယ်ကြား တစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင် (၁)ဦး သေဆုံးပြီး ၊ (၁)ဦး ဒဏ်ရာဖြင့် ဖမ်းဆီးရမိကာ (၃) ဦး ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအား လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ထပ်မံ သေဆုံးပြီး (၁)ဦး ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ G3 - ( ၁ ) လက် ၊ MA2 - ( ၂ ) လက် ၊ MA3 - ( ၁ ) လက် စုစုပေါင်း ( ၄ ) လက် နှင့် ခဲယမ်းမီးကျောက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ (၂) ဦးကို တောတွင်းတစ်နေရာတွင် တွေ့ရှိသဖြင့် လောင်းရှည်တိုက်နယ် ပကဖ အဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီးကြရာ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ထွက်ပြေးသဖြင့် ပကဖ အဖွဲ့ဝင် (၁)ဦး သေနတ်ထိမှန် ( မစိုးရိမ်ရ ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းအနေဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပြီး ၊ ပြည်သူများအနေဖြင့် မိမိတို့ ဒေသပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာ လူစိမ်းများ တွေ့ရှိပါက တပ်ရင်းထံသို့ အမြန်ဆုံး ဆက်သွယ် သတင်းပေးပို့ကြရန် တိုက်တွန်းအသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုများအား ဂန့်ဂေါခရိုင် အမှတ် ( ၆ ) တပ်ရင်း ၊ လောင်းရှည်တိုက်နယ် ပကဖအဖွဲ့ အမှတ် ( ၃/၅ ) တပ်ရင်း ၊ ကိုဘခက်အဖွဲ့ ( စလင်း ) နှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:Laung She Regional People's Defence Force