ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။
ညောင်လေးပင်ခရိုင်အတွင်းရှိ လယ်ဒိုမြို့နယ် ၊ ဆောထိမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ ဒရုန်းဖြင့် ပစ်ခတ်ခြင်း ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း နှင့် မိုင်းထောင်ထားခြင်းတို့ကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ၍ နေအိမ်တချို့ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးမြို့နယ်၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ ညနေ (၃) နာရီခွဲတွင် အုတ်ဖြတ်၌ အခြေစိုက်သည့် စစ်ကောင်စီတပ်များသည် ၁၂၀ မမ (၂)လုံး ပစ်ခတ်ခဲ့ရာ ကြက်တက်ညောင်ပင် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာတွင်နေထိုင်သည့် ဒေါ်စုဝင်း အသက် (၃၈)နှစ်နှင့် ဦးမိုးနိုင် အသက် (၄၅)နှစ်တို့ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လယ်ဒိုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ ည (၉)နာရီခွဲတွင် စစ်ကောင်စီတပ်မှ တကော်ဒဲကျေးရွာ နှင့် ဃဲဒဲကျေးရွာအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါ ကျေးရွာ (၂)ရွာမှ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ရပြီး နံနက် (၁၀)နာရီတွင်လည်း စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းကြောင့် ကျောက်တံခါးတွင် နေထိုင်သည့် ဦးစီနန်ရာအင်သည် ဘုရားဇီးကုန်းရွာအနီးတွင် မိုင်းနင်းမိပြီး ခြေနှစ်ဖက် ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ထို့အပြင် ဆောထိမြို့နယ်အတွင်းတွင်လည်း ဇန်နဝါရီလ (၁)ရက်နေ့ ညနေ (၂)နာရီကျော်တွင် စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄) တပ်ရင်းမှ ဒရုန်းဖြင့် အောပဝါးကျေးရွာအတွင်းသို့ ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာတွင် နေထိုင်သည့် စောဘလယ် အသက် (၆၂)နှင့် နန်းမီဖူး အသက် (၅၅)နှစ်တို့ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: KNU