စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် နိုင်ကျဉ်း ၃၇ ဦးသာပါဝင်သေး

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် နိုင်ကျဉ်း ၃၇ ဦးသာပါဝင်သေး

စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်တွင် ကနဦးစာရင်းအရ နိုင်ငံရေးအကျဉ်းသား (၃၇)သာ ပြန်လည်လွတ်မြောက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ကောက်ယူထားသည့် စာရင်းအရ သိရသည်။

“ကျွန်တော်တို့ အရေအတွက် အသေးစိတ်မသိရသေးပါဘူးခဗျ။ အရေအတွက်ကတော့ တော်တော်လေးနည်းတယ်ပေါ့နော်။ ပါဝင်လာမှုမှာလည်း လွတ်ရက်နီးသူတွေနဲ့ ပုဒ်မ ၅၀၅ ပေါ့နော်။ ၅၀၅ မှာတောင်မှ လွတ်ကျန်ကာလ သိပ်မရှိတော့သူတွေပေါ့ လွတ်ရက်နီးသူတွေပဲ လွတ်လာဖို့ရှိပါတယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကိုပြောသည်။

PPNM မှ ကနဦးပြုစုရရှိထားသည့် စာရင်းများအရ ပေါင်းတည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦး၊ ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၂)ဦး၊ အမျိုး သမီး(၃)ဦးတို့ ပြန်လွတ်သည်။

ပြည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၇)ဦး၊ အမျိုးသမီး(၄)ဦး၊ မိထ္ထီလာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦး၊ မအူပင်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦးတို့သာ ပြန်လွတ်လာသေးသည်ဟု ဆိုသည်။

အခြားကျန်ရှိနေဆဲအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာမှုများအား ထပ်မံတင်ပြသွားပါမည်ဟုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဖော်ပြသည်။

စစ်ကောင်စီက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အကျဉ်းသား၊ အကျဉ်းသူ (၅၈၆၄)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ထောင်ဒဏ်တစ်သက် ကျခံနေရသူ(၁၄၄)ဦးကို (၁၅)နှစ်ထောင်ဒဏ်သို့ ပြောင်းလဲလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ 

မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ(၁၈၀)ဦးကိုလည်း ပြည်နှင် ဒဏ်ပေးလိုက်သည်ဟု ဆိုသည်။ 

လက်ရှိတွင် အင်းစိန်ထောင်မှ အကျဉ်းသား (၁၂၈၀)လွတ်ပြီး နိုင်ငံရေးအကျဥ်းသား မည်မျှပါသည်ကို မသိရသေးပါ။

#TachileikNewsAgency

#TNA_MAT

Photo: Political Prisoners Network - Myanmar