သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လွတ် နန်းမွေစံသတင်း မကြားရသေး

သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လွတ် နန်းမွေစံသတင်း မကြားရသေး

စစ်ကောင်စီက ယနေ့ပြန်လွှတ်ပေးသည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်လာပြီး နန်းမွေစံ၏ သတင်းကိုမူ အတည်မပြုနိုင်သေးဟု ၄င်းတို့နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးရာ သရုပ်ဆောင်သင်ဇာဝင့်ကျော်ပါဝင်လာသည်ကို Tachileik News Agency က အတည်ပြုနိုင်သည်။ 

“နန်းမွေစံသတင်းတော့ ခုထိမကြားရသေးဘူး။ သင်ဇာဝင့်ကျော်ကတော့ ပြန်လွတ်တာ သေချာတယ်။”ဟု ၄င်းတို့ နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၅)ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထို့နောက် သင်ဇာဝင့်ကျော်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)ဖြင့် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့သည်။ 

"နန်းမွေစံလည်း ပါမယ်ထင်တယ်။ ခုထိတော့ သင်ဇာဝင့်ကျော်သတင်းပဲ အတည်ပြုနိုင်သေးတယ်။"ဟု အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

နန်းမွေစံကို ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တရားရုံးမှ ထောင်ဒဏ် (၆)နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် စစ်ကောင်စီသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ(၅,၈၆၄)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးသည်ဟု ထုတ်ပြန်သည်။

#TachileikNewsAgency

#TNA_MAT

Photo : Internet