နိုင်ငံတကာနှင့် ပြည်တွင်းငြိမ်းချမ်းရေး လိုလားသူအားလုံး၏ ငြိမ်းချမ်းရေးတောင်းဆိုမှုများကို လျစ်လျူရှု၍ စစ်အုပ်စုမှ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း MNDAA ပြော

နိုင်ငံတကာနှင့် ပြည်တွင်းငြိမ်းချမ်းရေး လိုလားသူအားလုံး၏ ငြိမ်းချမ်းရေးတောင်းဆိုမှုများကို လျစ်လျူရှု၍ စစ်အုပ်စုမှ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း MNDAA ပြော

နိုင်ငံတကာနှင့် ပြည်တွင်းငြိမ်းချမ်းရေး လိုလားသူအားလုံး၏ ငြိမ်းချမ်းရေးတောင်းဆိုမှုများကို လျစ်လျူရှု၍ စစ်အုပ်စုမှ နိုင်ငံအနှံ့ ခွဲခြားမှုမရှိ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

စစ်အုပ်စုမှ နှစ်သစ်ကူး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီခရိုင်အတွင်းရှိ လူနေရပ်ကွက်များကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ ည (၁၁)နာရီ (၁၉) မိနစ်ခန့်တွင် သိန္နီခရိုင်အတွင်းရှိ လူနေရပ်ကွက်သို့ ပေါင်ချိန်များသည့် ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး ၊ ပေါက်ကွဲမှုအပြီးတွင် သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီမှ သက်ဆိုင်ရာဌာနများက အခင်းဖြစ်ပွားရာသို့ ချက်ခြင်းသွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်မှုအပြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း ၊ ဗုံးကျရောက်သည့်နေရာ အနီးတဝိုက်တွင် လျှပ်စစ်ဓာတ်ကြိုးနှင့် ရေပိုက်များ ၊ နေအိမ်အများအပြားနှင့် အများပြည်သူသုံး အဆောက်အဦးများ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ဗုံးကြဲခံရသည့်နေရာသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် နေရာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပြုပြင်မွမ်းမံထားသည့် အများပြည်သူသုံး အဆောက်အဦးအချို့ ဆိုးရွားစွာ ထပ်မံပျက်စီးသွားကြောင်း MNDAA အဖွဲ့က ဆိုသည်။

ယခင်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA)တို့သည် အိမ်နီးချင်းနိုင်ငံများ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း စစ်ကောင်စီအနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းငြိမ်းချမ်းရေး လိုလားသူအားလုံးတို့၏ ငြိမ်းချမ်းရေးတောင်းဆိုမှုများကို လျစ်လျူရှုကာ နိုင်ငံအနှံ့ ခွဲခြားမှုမရှိသော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်သစ်ကူးနေ့တွင် အထူးဒေသ (၁)သိန္နီခရိုင်တွင် သာမက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့မှ (၃၁)ရက်နေ့အတွင်းတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များသည် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အခြားနေရာအများအပြားတွင် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း MNDAA က အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo: စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လေတပ်မှ အရာရှိများကို တွေ့ရစဥ် (ပုံဟောင်း)