စစ်ကိုင်းတိုင်း မုံရွာမြို့ ၀မ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီ လုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင် ယာဉ်တန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ပြင်းအားမြင့် ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း Area 71 Monywa(PDF) အဖွဲ့ထံမှ သိရသည်။
ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် မုံရွာမြို့ နမခ မှ သံပြားကာကား (၈)စီးဖြင့် စစ်ကောင်စီလုံခြုံရေးယူ၍ လိုက်ပါလာသည့် ၀မ်ပေါင်ကုမ္ပဏီမှ ကြေးနီတွဲကား (၄၆)စီးပါ ယာဉ်တန်းအား ကင်းထောက်တပ်ဖွဲ့ဝင်များ၏ သတင်းပေးချက်အရ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက ပြင်းအားမြင့် ပဒေသာမိုင်း လေးလုံး တစ်ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကြေးနီသယ်တွဲကား (၁)စီး မိုင်းထိမှန်က ထိုးရပ်သွားခဲ့ကြောင်း Area 71 Monywa (PDF) အဖွဲ့က ဆိုသည်။
“မိုင်းထိတဲ့ကားကို လာဆွဲသွားပြီး စစ်ကောင်စီတပ်စွဲထားတဲ့ ခင်မွန်ဘက်စုံခြံဝမှ ရပ်ထားတယ်ဗျ။ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေတော့ လုံခြုံရေးအရ မသိရသေးဘူးခင်ဗျ။”ဟု Area 71 Monywa (PDF)အဖွဲ့က တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် လမ်းပိုင်းကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက (၆၀) မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့ ၊ Area 71 PDF Monya ၊ နယ်စည်းမခြား လက်နက်ကြီးတပ်ဖွဲ့ ကမျဉ်းနီ (K.M.N) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:Area 71 Monywa (PDF)