မကွေးတိုင်း ဂန့်ဂေါမြို့မှ အသက် (၁၄) နှစ်အရွယ် ပျူစောထီးတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
ဂန့်ဂေါမြို့ပေါ် ပျူစောထီးခေါင်းဆောင် ဖိုးဇော်၏ တာဝန်ပေးစေခိုင်းချက်အရ ဂန့်ဂေါမြို့တောင်ဘက် လောင်ထောင်ဂိတ်တွင် AK လက်နက်ကိုင်ဆောင်၍ ဂိတ်စောင့်တာဝန် ထမ်းဆောင်ခဲ့သည့် ဖြိုးဝင်းသန့် အသက် (၁၄)နှစ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် သက်ဆိုင်ရာ ပအဖ/ပလဖများနှင့် ချိတ်ဆက်၍ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြိုးဝင်းသန့်သည် ဂိတ်စောင့်အဖြစ် (၃)လခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၎င်း၏ တာဝန်များအား ဆောင်ရွက်လိုခြင်း မရှိသည့်အတွက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၊ ၄င်းအား ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ကလည်း ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် ခလရ (၂၆၈)မှ တပ်သား စစ်ပိုင်ဖြိုးသည် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ MA-1 တစ်လက်နှင့် ခဲယမ်းများ ယူဆောင်အလင်းဝင်ရောက်ခဲ့ပြီး ၎င်းအား ဆုကြေးငွေ သိန်း (၅၀)ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁)လတာအတွင်း စစ်ကောင်စီတပ်မှ စစ်သား၊ ရဲနှင့် အကျဉ်းဦးစီးမှ ၀န်ထမ်းတချို့ အပါအ၀င် စုစုပေါင်း (၄၇၅)ဦး CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ