မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အဓမ္မအာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့များစွာ ပေါ်ပေါက်လာနေပြီး စစ်ရေးပြင်းထန်နေချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့များက ကိုယ်ကျိုးအတ္တအတွက် လက်နက်ကိုင်ပဋိပက္ခကို ဖန်တီးနေကြောင်း ပြောဆိုစွပ်စွဲလိုက်သည်။
"ပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းများ ကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့လူမှုရေးအခြေ အနေများ တိုးတက် ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒ သက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။"ဟု လက်နက်အားကိုးဖြင့် အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကျရောက်သည့် နှစ်သစ်ကူးအတွက် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
နိုင်ငံ့အာဏာကို စစ်တပ်က မသိမ်းယူမီကာလတွင် နိုင်ငံအတွင်း၌ လက်နက်ကိုင် တပ်ဖွဲ့များမှာ အနည်းငယ်သာရှိခဲ့ပြီး ယခုလို တိုက်ပွဲပြင်းထန်ခြင်းများနှင့်အတူ မြို့သိမ်းတိုက်ပွဲများ၊ စစ်ဌာနချုပ် ကျရှုံးခန်းရောက်သည့် အခြေအနေမျိုးအထိ မရှိခဲ့ဖူးသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့များစွာ ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်၏ စစ်ဌာနချုပ်များအထိ ကျရှုံးရသည့် အခြေအနေထိ ဖြစ်လာသည့်အပြင် ၎င်း၏ လက်အောက်ခံ ဗိုလ်မှူးချုပ်များအထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် အခြေအနေအထိ ရှိလာနေသည်။