အာရက္ခတပ်တော်(AA)က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် အသင့်ရှိကြောင်း အသိပေးပြီး နှစ်ရက်အကြာတွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို စစ်ကောင်စီဗုံးကြဲသဖြင့် အရပ်သား (၃) ဦးသေဆုံး (၉) ဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်တစ်စီးဖြင့် နှစ်ကြိမ် ဗုံးကြဲချသွားသည်ဟု ဆိုသည်။
"၃ ယောက် သေသွားတယ်။ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ အရပ်သား (၉) ယောက်ထက်မနည်း ဒဏ်ရာရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
သေဆုံးသွားသူများမှာ ယိုးတရုပ်ရွာမှ ဒေါ်မသာလှ (၇၆)နှစ်၊ တန်းခိုးရွာမှ မဦးဆန်းနွယ် (၂၅)နှစ်၊ ယိုးတရုပ်ရွာသို့ စစ်ရှောင်လာသူ ကွမ်းတောင်ရွာမှ ကိုမျိုးဇော်ထွန်း(၁၈)နှစ် တို့ဖြစ်သည်။
ထို့အပြင် ဒဏ်ရာရရှိသူများထဲတွင် ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၃)ဦးတို့ ပါဝင်သည်ဟု သိရသည်။
ဗုံးဒဏ်ကြောင့် စာသင်ကျောင်းတစ်ဆောင်၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင် နေအိမ်တစ်လုံးတို့ ပျက်စီးသည်ဟု သိသည်။
ထို့အပြင် စစ်တွေမြို့မှနေ၍ ယိုးတရုပ်ရွာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သည်ဟုလည်း သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: APM