ကသာမြို့ အမှတ် ၂ ရဲစခန်း သံစူးကြိုးများ ကာရံ ကတုတ်ကျင်းများတူးကာ စစ်ရေးပြင်

ကသာမြို့ အမှတ် ၂ ရဲစခန်း သံစူးကြိုးများ ကာရံ ကတုတ်ကျင်းများတူးကာ စစ်ရေးပြင်

စစ်ကိုင်းတိုင်း ကသာမြို့ရှိ အမှတ်(၂)ရဲစခန်းကို သံစူးကြိုးများကာရံပြီး ကတုတ်ကျင်းများတူးကာ စစ်ရေးပြင်ဆင်နေပြီး ခမရ (၃၀၉)တပ်ရင်းမှ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ကသာမြို့ဒေသခံများထံမှ သိရသည်။

ဗန်းမော်နှင့် အင်းတော်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် စစ်ကောင်စီတပ်သည် ကသာ အမှတ်(၂)ရဲစခန်းကို သံစူးကြိုးများကာရံခြင်း၊ စခန်းပတ်လည်တွင် ကတုတ်ကျင်းများ တူးထားသည့်အပြင် ယခင်ရှိပြီးသား အုတ်တံတိုင်းကိုအပေါ်မှ အုတ်တံတိုင်းထပ်မြင့်၍ ကာရံခြင်းများ လုပ်ထားသည်ဟု ဆိုသည်။

“ကသာအနီးမှာ တိုက်ပွဲမဖြစ်သေးဘူး။ အမှတ် (၁) ရဲစခန်းကတော့ အဲဒီလိုမလုပ်ဘူး။ ရဲစခန်းက ဈေးနားဆိုတော့ ပတ်လည်မှာ ရဲစခန်းတိုက်ခန်းတွေရှိတယ်။ အမှတ် (၂) ရဲစခန်းပဲလုပ်တာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အမှတ်(၂) ရဲစခန်းသည် ကသာမြို့ လမ်းမတော်လမ်းမကြီး လျှပ်စစ်ရုံးအနီးတွင်ရှိပြီး စစ်ကောင်စီတပ်သည် ကသာမြို့ ပတ္တမြားကုန်းဆင်း လျှပ်စစ်ရုံးအနီးရှိ အကျိုးတော်ဆောင်ဆေးဆိုင်တွင် တပ်စွဲထားသည်ဟုလည်း ဆိုသည်။

ထို့အပြင် ခမရ(၃၀၉)တပ်ရင်းကလည်း ကသာမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

ကသာမြို့ရှိ စစ်ကောင်စီတပ်သည် ဗန်းမော်တိုက်ပွဲများကြောင့် မြို့အနီးပတ်ဝန်းကျင်ကို ဒီဇင်ဘာလ (၂၈)ရက်နေ့က လက်နက်ကြီး (၃)လုံး၊ ဒီဇင်ဘာလ (၃၀)ရက်နေ့ ညပိုင်းတွင် (၂)လုံး ပစ်ခတ်ခဲ့သည်ဟုလည်း ဆိုသည်။

“လက်နက်ကြီးပစ်သံပဲကြားနေရတာ။ ဘယ်ကိုပစ်နေလဲတော့ မသိဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် ရှမ်းအမျိုးသားများတပ်မတော်(SNA)သည် ကသာမြို့အတွင်း၌ အင်အား(၃၀၀)ဝန်းကျင်ဖြင့် ဝင်ရောက်ကာ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ဝါဒဖြန့်စာရွက်များ ဖြန့်ဝေသွားသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် ကသာမြို့နှင့် (၃၅)မိုင်ဝန်းကျင်ဝေးသည့် အင်းတော်မြို့နှင့် မိုင်(၁၀၀)ဝန်းကျင်ဝေးသည့် ဗန်းမော်မြို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT