မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်အသီးအသီးတွင် ၂၀၂၄ခုနှစ်အတွင်း ဥပဒေမဲ့ သတ်ဖြတ်ခံရသူနှင့် ဆေးဝါးလုံလောက်စွာမရသဖြင့် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား (၃၁)ဦးအထိရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ ရက်စွဲဖြင့်ဖော်ပြသည်။
၂၀၂၄ ခုနှစ်အတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတစ်ဦးနှင့် အမျိုးသား (၈)ဦးရှိပြီး ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရသဖြင့် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး(၃)ဦး၊ အမျိုးသား (၁၈)ဦး၊ LGBT တစ်ဦးတို့ သေဆုံးခဲ့ရသည်ဟု သိရသည်။
ထို့အပြင် ဥပဒေမဲ့ ညှဥ်းပန်းနှိပ်စက်ခံရမှုတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး (၁၄၈)ဦးကို အကျဉ်း ဦးစီးဝန်ထမ်းနှင့် လက်ကိုင်တုတ် အခြားရာဇဝတ်အကျဉ်းသားများမှ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ရိုက်နှက်မှုများလည်းရှိသည်ဟု ဆိုသည်။
ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသားများလည်း(၃၀၅၄)ဦးအထိ ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ(၁၇၈၃)ဦးသည် မိသားစုနှင့်ဝေးကွာသည့် အကျဉ်းထောင်များသို့ ထောင်ပြောင်းရွှေ့ခံထားရသည်ဟု ဆိုသည်။
ထို့အပြင် အကျဉ်းထောင်တွင်း ညှဥ်းပန်းနှိပ်စက်ပြီးနောက် တိုက်ပိတ်ခံရသူ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ (၇၆)ဦးလည်းရှိနေသည်။
အကျဉ်းထောင်တွင်း ကလေးနှင့်အတူရှိနေသည့် နိုင်ငံရေးအကျဉ်းသူ (၃၅)ဦးရှိနေပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဖော်ပြသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဒီဇင်ဘာလ(၂၇)ရက်နေ့က ဖော်ပြချက်တွင် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ(၆၀၈၇)ဦးရှိသည်ဟု သိရသည်။
ထို့အပြင် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း(၂၈,၀၅၁)ဦးရှိပြီး ထိုအထဲမှ(၂၁,၄၇၉)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၉၃၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: Internet (ပုံဟောင်း)