တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဒေသခံ အမျိုးသမီး(၃)ဦးကို အဓမ္မပြုကျင့်သွားသည်ဟု သိရသည်။
တနင်္သာရီ-မောတောင် ကားလမ်းမပေါ်ရှိ ရေဖြူ၊ ထုံခါ၊ ချောင်းနှစ်ပေါက်နှင့် သိန်ခွန်းရွာတို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားသည်ဟု သိရသည်။
ထို့နောက် စစ်ကောင်စီတပ်သည် သိန်ခွန်းရွာကို ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ဝင်ရောက်လာပြီး ဒေသခံများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ ကျူးလွန်ခဲ့ကြသည်ဟု သိရသည်။
“တိုက်ပွဲဖြစ်တော့ ရွာထဲကလူတွေက ဟိုပြေး၊ ဒီပြေးနဲ့လူကွဲပြီး စစ်ကောင်စီတပ်နဲ့တိုးတဲ့ မိန်းကလေးတွေ ပြုကျင့်ခံရတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် ဒီဇင်ဘာလ(၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ရွာအဝင်၌ ဒေသခံ အမျိုးသမီးတစ်ဦး၊ ညနေပိုင်းတွင် ဒေသခံ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်သားများက အဓမ္မပြုကျင့်သွားခြင်းဖြစ်သည်။
ထို့နောက် ဒီဇင်ဘာလ (၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ရွာအပြင်ဘက် ဥယျာဥ်ခြံတစ်နေရာ၌ သိန်ခွန်းရွာ ဒေသခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံအဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများ၏ အသက်အရွယ်အပိုင်းအခြားနှင့် အမည်ကိုမူ လုံခြုံရေးအခြေအနေအရ ဖော်ပြနိုင်ခြင်းမရှိပါ။
“သူတို့က မောတောင်လမ်းပိုင်းကိုပြန်လိုချင်တာ။ ဒါကြောင့် အင်အားအများကြီးသုံးပြီး စစ်ကြောင်းထိုးလာတာပါ။”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် ဒေသခံအမျိုးသမီး၊ အမျိုးသား (၂၀)ဦးကျော်ကို ဖမ်းဆီးထားပြီး အမျိုးသားများအား စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ဟုလည်း ဆိုသည်။
“လက်ရှိတော့ တိုက်ပွဲဆက်တိုက်ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က အသေဆုံးများတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ သူတို့တွေ တနင်္သာရီ ဆေးရုံမှာပါ။”ဟု ၄င်းက ဆက်ပြောသည်။
စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် သိန်ခွန်းရွာမှ ဒေသခံ အမျိုးသား(၂)ဦးကိုလည်း သတ်ဖြတ်သွားပြီး မည်သူ၊ မည်ဝါဖြစ်သည်ကို အတည်ပြုရန်ကြိုးစားနေသည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT