စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိဟု TNLA ထုတ်ပြန်

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိဟု TNLA ထုတ်ပြန်
ဇူလိုင် 29, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ လက်နက် အလက်(၇၀)ကျော် သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်း (၂၀)ဦး ဖမ်းဆီးရမိကြောင်း TNLAက‌ ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

TNLA နှင့် စစ်ကောင်စီတပ်တို့အကြား ကျောက်မဲမြို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး တပ်မ (၁၁)၊ ခမရ (၅၀၁)တပ်စခန်း တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက် (၃၇)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

စစ်ကောင်စီထံမှ သိမ်းဆည်းရရှိထားသည့် လက်နက်များမှာ MA-1 (၉)လက်၊ MA-2 (၂)လက်၊ MA-3 (၁၅)လက်၊ MA-11 (၆)လက်၊ M-22 (၁)လက်၊  RPG (၁)လက်၊ ၄၅ မမ (၁)လက်၊ ၆၀ မမ (၁)လက်၊ Pistol (၁)လက်၊ စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

ထို့အပြင် မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား TNLAမှ လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း (၂၀)ဦး ဖမ်းဆီးရမိထားပြီး လက်နက် (၂၃)လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

မိုးမိတ်မြို့တွင် လက်ကျန်စစ်ကောင်စီတပ်စခန်းများအား TNLAမှ လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ် (၈)လက်၊ RPG (၁)လက်၊ ငါးကျည်းမြှီး (၁)လက်၊ ၆၀မမ ပြောင်းတို (၁)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်၊ ၈၁ မမ နောက်ပွင့် (၁)လက် စုစုပေါင်း (၁၃)လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: The Ta'ang Post