တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် စစ်ခေါင်း ဆောင်တိုက်တွန်း

တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် စစ်ခေါင်း ဆောင်တိုက်တွန်း

မြန်မာပြည်တဝှမ်း မြို့များသိမ်းပိုက်ခံနေရချိန်တွင် တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရေး အချင်းချင်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားများကို ပြောဆိုသည်။

ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃၀) ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်ကူးနေ့ သဝဏ်လွှာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတော်တွင် လိုအပ်နေသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဟု ဆိုသည်။

ကရင်ပြည်နယ်အပါအဝင် နေထိုင်ရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းများကို ပိုမိုရရှိနိုင်ပါစေဟု စစ်ခေါင်းဆောင်က ဆုတောင်းထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါး စေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၆,၀၈၇)ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ဖော်ပြသည်။

ထို့အပြင် အာဏာသိမ်းမှုနှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈,၀၅၁) ဦးရှိပြီး ထိုအထဲမှ (၂၁,၄၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၉၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု လည်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နွေဦးတော်လှန်ရေး (၄)နှစ်ဝန်းကျင်ကြာ ကာလအတွင်း တော်လှန်ရေးတပ်များက မြို့ပေါင်း(၉၀)ကျော်မှ စစ်ကောင်စီတပ်များအား တိုက်ထုတ်သိမ်းပိုက်ထားပြီး ဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

ပုံအညွှန်း- ၂၀၂၁ ခုနှစ်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကရင်ပြည်နယ် ဘားအံမြို့၌တွေ့ရစဥ်