ရခိုင်ပြည်နယ် တောင်ပိုင်း၏ နောက်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရာ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းသေသည် ဟု AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဂွမြို့နယ်အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၆၂)နှင့် ခမရ (၅၆၃)တပ်ရင်းတို့ကို AA သည် ဒီဇင်ဘာလ(၁၅)ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
AA သည် ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြို့သို့စစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄)တပ်ရင်း၊ တပ်မ (၁၁)လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ(၂၁၄)တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်းနှင့် ခမရ (၂၁၇) တပ်ရင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ(၃၆) တပ်ရင်း၊ ခလရ (၃၈)တပ်ရင်း၊ ခလရ (၉၃) တပ် ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။
ဂွ မြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား စစ်ဆေးချက်အရ တပ်မ (၁၁)တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦးနှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့ဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်အား ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀)စီး၊ စစ်ကူ အမြောက်အများတို့ဖြင့် ခုခံခဲ့ကြသည်ဟု ဆိုသည်။
စစ်ကောင်စီသည် ဂွမြို့အား အင်အား (၁၂၀၀) ကျော်ဖြင့် ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါ အဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးသည်။
တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ဂွမြို့ထိုးစစ်အစမှ အဆုံးအထိ ပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်နှင့် သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ တိုက်ပွဲအတွင်း ခန့်မှန်း စစ်ကောင်စီတပ်သား (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း သိရှိရသည်ဟုလည်း ထုတ်ပြန်သည်။
ဂွမြို့သိမ်းတိုက်ပွဲအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုသည်ဟုလည်း ထုတ်ပြန်သည်။
Photo: AA