မြိုင်တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ၀က်ပုတ်ကျေးရွာအား စစ်ကောင်စီ စစ်ကြောင်းထိုးပြီး နေအိမ်များ မီးရှို့ဖျက်ဆီး

မြိုင်တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ၀က်ပုတ်ကျေးရွာအား စစ်ကောင်စီ စစ်ကြောင်းထိုးပြီး နေအိမ်များ မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ၀က်ပုတ်ကျေးရွာအား စစ်ကောင်စီ စစ်ကြောင်းထိုးပြီး နေအိမ်များ မီးရှို့ဖျက်ဆီးကာ ဒေသခံ (၁)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်ပေါင်းစု တပ်ဖွဲ့ (အညာမြေ) ထံမှ သိရသည်။

၀က်ပုတ်ကျေးရွာအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ မနက် (၁၀)နာရီမှ စတင်ပြီး မြိုင်မြို့နယ် (ကပစ) စက်မှု (၂)မှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်း၍ စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ၀က်ပုတ်ကျေးရွာမှ နေအိမ် (၁၅)လုံး မီးလောင် ပျက်စီးခဲ့ပြီး ၊ ပြည်သူပိုင် ဆိုင်ကယ် (၄)စီး ပျက်စီးခဲ့ကြောင်း တပ်ပေါင်းစု တပ်ဖွဲ့ (အညာမြေ)က ဆိုသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံ အမျိုးသား (၂)ဦးအား ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးအား ရိုက်နှက်နှိပ်စက်ကာ ဒဏ်ရာများဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးပြီးနောက် ၎င်းတို့လာရာ မြိုင် စက်မှု (၂)သို့ ပြန်လည်ဆုတ်ခွာသွားသဖြင့် ၀က်ပုတ်ကျေးရွာအား တော်လှန်ရေးအင်အားစုများက အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် ပျူစောထီး ကျေးရွာ (၅)ရွာရှိသည့်အနက် ၀က်ပုပ်ကျေးရွာကို ၂၀၂၄ ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် လည်းကောင်း ၊ သရက်ကွ ကျေးရွာအား ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် လည်းကောင်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency

#TNA_LE

Photo: အညာမြေ တပ်ပေါင်းစု