မတ္တရာရှေ့တန်းစစ်မျက်နှာတွင် တာဝန်ကျသည့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ ၂ ဦး PDF ထံ သင်္ကန်းဝတ်ဖြင့်  အလင်းဝင်

မတ္တရာရှေ့တန်းစစ်မျက်နှာတွင် တာဝန်ကျသည့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ ၂ ဦး PDF ထံ သင်္ကန်းဝတ်ဖြင့်  အလင်းဝင်

မန္တလေးတိုင်း မတ္တရာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ကျသည့် စစ်ကောင်စီတပ်၏ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး သင်္ကန်းဝတ်ဖြင့် အလင်းဝင်ရောက်လာကြောင်း ရွှေဘိုမြို့နယ် အခြေစိုက် တောင်သူဦးကြီးများအဖွဲ့ PDF ထံမှ သိရသည်။

မတ္တရာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ကျသည့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦးဖြစ်သည့် ရွှေဘိုမြို့နယ်မှ ကိုကြီး အသက် (၂၀) နှစ်နှင့် ကော့မှူးမြို့နယ်မှ ချစ်ကိုဦး အသက် (၂၂)နှစ် တို့သည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ချိတ်ဆက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မတ္တရာ ရှေ့တန်းစစ်မျက်နှာကို ရောက်ရှိခဲ့ရာ ကိုကြီးနှင့် ချစ်ကိုဦးတို့သည် စစ်မြေပြင်မှ သင်္ကန်းဝတ်ဖြင့် ရောက်ရှိလာပြီး အလင်းဝင်ခဲ့ပါတယ် ၊ လက်နက်ခဲယမ်း မပါခဲ့ပါဘူး။ အဖွဲ့မှ ဘက်ဂျက်မလုံလောက်လို့ ဆုချီးမြှင့်နိုင်ခြင်း မရှိပါဘူး”ဟု တောင်သူဦးကြီးများအဖွဲ့ PDF မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦးအနက် ကိုကြီးသည် ရွှေဘိုမြို့နယ် အနောက်ခြမ်း မြို့လှကျေးရွာကို စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်စီးစဉ် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် ရွှေဘိုမြို့ရှိ အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ - ၈)တွင် သုံးလသင်တန်းပေးပြီး ရှေ့တန်းသို့ စေလွှတ်ခြင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရှေ့တန်းစစ်မျက်နှာတွင် စိတ်ကြွမူးယစ်ဆေးဝါးများ ထိုးသွင်းပေးပြီး တိုက်ပွဲများတွင် အသေခံ တိုက်ခိုက်ရန် ခိုင်းစေခြင်းခံခဲ့ရသည်ဟု အလင်းဝင်ရောက်သူ (၂)ဦးထံမှ သိရကြောင်း တောင်သူဦးကြီးများအဖွဲ့ PDF က ဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်သောင်းခွဲခန့် CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: တောင်သူဦးကြီးများအဖွဲ့ - PDF