တောင်ကုတ်တွင် တာဝန်ကျနေသည့် အမ်းမြို့ စရဖမှ စစ်ကောင်စီ တပ်ကြပ် နှင့် တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး PDF ထံ အလင်းဝင်

တောင်ကုတ်တွင် တာဝန်ကျနေသည့် အမ်းမြို့ စရဖမှ စစ်ကောင်စီ တပ်ကြပ် နှင့် တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး PDF ထံ အလင်းဝင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တာဝန်ကျနေသည့် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) စစ်ဘက်ရေးရာလုံခြုံရေးတပ် (စရဖ)မှ စစ်ကောင်စီ တပ်ကြပ်တဦးနှင့် တပ်သား (၁)ဦး  ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ် (၄) တပ်ရင်းထံ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ကြောင်း သိရသည်။

အမ်းမြို့ (နပခ)စစ်ဘက်ရေးရာလုံခြုံရေးတပ်မှ စစ်မှုထမ်းလုပ်သက် (၂၂)နှစ် ရှိသည့် တပ်ကြပ်ကြီး (၁)ဦး နှင့် စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သား (၁)ဦးတို့သည် ၂၀၂၀၄ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် MA-3 (၁)လက် ၊ ပစ္စတို (၁)လက် ၊ အီနာဂါဗုံးသီး (၁)လုံးနှင့် ဆက်စပ်ကျည်များနှင့်အတူ သရက်ခရိုင်အမှတ်(၄) တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ စစ်ရေးလှုပ်ရှားရာ ဒေသဘက်ကို တောင်ကုတ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်ရောက်ချင်လို့ပေါ့လေ လက်နက်နဲ့ပေါ့ တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကနေ ဒေသခံတွေဖြစ်တဲ့ ကျနော်တို့ဆီကို ဆက်သွယ်ပြီးတော့ လာတာပေါ့။ အဲ့မှာ စရဖတပ်က တပ်ကြပ်ကြီးတစ်ယောက်နဲ့အတူ နောက် တပ်သား (၁)ယောက်၊ ပါလာတဲ့ တပ်သားက စစ်မှုထမ်းကာလမှာမှ ပေါ်တာအဆွဲခံရပြီး စစ်မှုထမ်းနေရသူပါ။ လုပ်သက် (၃)လလောက်ပဲရှိဦးမယ်။”ဟု သရက်ခရိုင်အမှတ် (၄) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။



 

အလင်းဝင် စစ်ကောင်စီတပ်သား (၂)ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများပေး၍ လက်ခံထားပြီး ထိုက်သင့်သည့် ဆုကြေးငွေ ချီးမြှင့်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တနိုင်ငံလုံးအနှံ့ စစ်ရှုံးနေပြီး မကြာခင် ICC ဖမ်းဝရမ်း အထုတ်ခံရတော့မည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်တွင် ဆက်လက်တာဝန်မထမ်းလိုပဲ ပြည်သူ့ဘက်ခိုလှုံအလင်းဝင်ချင်သည့် တပ်မတော်သားများအားလုံးအား ကြိုဆိုလျှက်ရှိကြောင်း သရက်ခရိုင်အမှတ်(၄) တပ်ရင်းက အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှ စတင်ပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်သောင်းခွဲခန့် CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:  အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း