၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ ရှုံးနိမ့်မှု၊ ပြိုလဲမှုများ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ခရစ္စမတ်ဆုတောင်းစကားတွင် ထည့်သွင်းပြောဆိုသည်။
"ဒီတစ်ကြိမ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေးယုံကြည်ချက်နဲ့ အင်အားစုအသီးသီးရဲ့ လက်တွဲ တိုက်ပွဲဝင်မှုတွေကြောင့် သမိုင်းတလျှောက် စစ်တပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ပြီ ဖြစ်ပါတယ်။"ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
မကြာခင်တွင် နောက်ထပ် တိုင်းစစ်ဌာနချုပ်များ ကျဆုံးတော့မည့် အခြေအနေကို ရောက်ရှိနေပြီး နိုင်ငံတဝန်းက မြို့ပေါင်း (၉၀)ထက်မနည်း စစ်ကောင်စီလက်အောက်က လွတ်မြောက်ခဲ့ပြီဟုလည်း ဆိုသည်။
"ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ကမ္ဘာကြီးနဲ့ထပ်တူ ခရစ္စမတ်အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှု အပြည့်နဲ့ ဖြတ်သန်းခွင့် ရထိုက်ပါတယ်။ အဲဒီအတွက်လည်း ရည်မှန်းထားတဲ့အတိုင်း တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် မလျှော့သော ဇွဲလုံ့လနဲ့ အားစိုက်ကာ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။"ဟု ယာယီသမ္မတက ဆက်ပြောသည်။
စစ်ရှုံးနိမ့်နေသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီကြောင့် ပြည်သူများ၊ ကလေးသူငယ်များနှင့် မိခင်များသည် မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုများနှင့် နေရပ်ကို စွန့်ခွာပြီး ခရစ္စမတ်အချိန်အခါသမယကို ဖြတ်သန်းနေရသည်ဟုလည်း ဆိုသည်။
တော်လှန်ရေးတာဝန်ကို ထမ်းရွက်နေကြသည့် ရဲဘော်ရဲဘက် တစ်ယောက်ချင်းစီတိုင်းကို အလေးအမြတ်ပြုကာ ပြည်သူလူထုအပေါင်း ကြုံတွေ့နေရသည့် ဘေးဒုက္ခတွေအပေါ် စိတ်ထိခိုက်ရသည်ဟုလည်း ဆိုသည်။
၄ နှစ်တာနီးပါး ကြာမြင့်လာသည့် တော်လှန်ရေးခရီးတလျှောက်လုံးတွင် ကြုံတွေ့လာရသည့် အခက်အခဲ အကျပ်အတည်းများကို ပြည်သူလူထုများက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများ၏ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုများကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်သည်ဟုလည်း ပြောသည်။
ခရစ္စမတ် အချိန်အခါသမယတွင် ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်းပျော်ရွှင်ကြရန်၊ မေတ္တာတရားများ လွမ်းခြုံသည့် နွေးထွေးမှုနှင့် လွတ်လပ်မှုတို့ကို အနှစ်သာရပြည့်၀စွာ ခံစားနိုင်ကြစေရန်လည်း ဆုတောင်းပေးထားသည်။
#TachileikNewsAgency
#TNA_MAT