ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ပန်းလှိုင်ရပ်ကွက်ရုံး၌ ပစ်ခတ်ခံရပြီး ဆေးရုံရောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ပစ်ခတ်ခံရသဖြင့် အုပ်ချုပ်ရေးမှူး စန်းငွေ၏ ဝဲဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကာ သွေးထွက်လွန်နေသည့်အခြေအနေဟု သိရသည်။
“လက်ရှိတော့ သေနတ်မှန်ပြီး ရန်ကုန်ဆေးရုံရောက်နေတယ်ကြားတယ်။ ပန်းလှိုင်ရပ်ကွက်ရုံးမှာ ပစ်ခံရတာလို့တော့ သိရတယ်ဗျ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ယခင် ဟုမ်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးသိန်း ထွက်ပြေးသွားပြီးနောက် စမ်းချောင်းမြို့နယ် သမဝါယမဥက္ကဌဖြစ်သူ ရဲပြုတ် စန်းငွေ သည် ဟုမ်းလမ်းအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူကာ ရပ်ကွက်အတွင်း လူငယ်များအား စစ်မှုထမ်းရန် ဖိအားပေးနေသူဖြစ်သည်ဟု ဆိုသည်။
“စစ်တပ်နဲ့ ရဲကို သတင်းပေးတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေဖိအားပေး ဧည့်စာရင်းအကြောင်းပြ ငွေညစ်တယ်။ စစ်တပ်၊ ရဲနဲ့ ပေါင်းပြီး မူးယစ်ဆေး၊ လောင်းကစားသမားတွေအတွက် ပွဲစားလုပ်တယ်။”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ထို့အပြင် ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူး၏ မိန်းမဖြစ်သူ ခင်ခင်ရွှေသည်လည်း ရပ်ကွက်အတွင်း အာဏာပြကာ အနိုင်ကျင့် ဗိုလ်ကျခြင်းများရှိသည်ဟု သိရသည်။
စမ်းချောင်းမြို့နယ်အတွင်းရှိ အခြားရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများသည်လည်း စစ်မှုထမ်းရန် ဖိအားပေးခြင်း၊ မဲစာရင်းကောက်ခြင်း၊ ပြည်သူကို ငွေညစ်ခြင်း၊ ဒုက္ခပေးခြင်းများလုပ်ဆောင်ပါက ရန်ကုန်အဖွဲ့အစည်းများထံကို အချက်အလက်များပေးပို့သွားမည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ဆိုသည်။
ဟုမ်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေကို မည်သည့် တော်လှန်ရေးအဖွဲ့အစည်းက ပစ်ခတ်ကြောင်းကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပါ။
ဒီဇင်ဘာလ (၂၂)ရက်နေ့ကလည်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဗဟိုလမ်းပေါ် ရှိ Apollo Hotel အနီးတွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူး ဇေယျာမင်းကို Yangon Phoenix က ပစ်ခတ်ခဲ့သည်။
#TachileikNewsAgency
#TNA_MAT