မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများကို CDF မင်းတပ် ဖော်ပြ

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများကို CDF မင်းတပ် ဖော်ပြ

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို CDF မင်းတပ်က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထပ်မံဖော်ပြလာသည်။

အာရက္ခတပ်တော်(AA)၏ စစ်လက်နက်ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကူအညီများဖြင့် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)ကို သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့သည် စစ်ကောင်စီကင်းစင်ပြီဟု ချင်းညီနောင်တပ်ဖွဲ့များက ကြေညာခဲ့သည်။

ချင်းညီနောင်များ တိုက်ခိုက်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူကြီး တစ်ဦးအပါအဝင် တပ်သား (၁၇၀) ဝန်းကျင် လက်နက်ချ အညံ့ခံခဲ့သည်ဟုလည်း သိရသည်။ 

 

ချင်းညီနောင်များသည် မဟာမိတ်အင်အားစုများနှင့်ပူးပေါင်း၍ မင်းတပ်နှင့် ဖလမ်းမြို့တို့တွင် နိုဝင်ဘာလ (၉)ရက်နေ့ကစတင်၍ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်၏ အဆက်မပြတ် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကြားမှ မြို့ပေါ်ရှိ စစ်ကောင်စီ အခြေချတပ်စခန်းများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ဖလမ်းမြို့၌ တစ်ခုတည်းသောကျန်ရှိတော့သည့် ခလရ(၂၆၈)တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

လက်ရှိတွင် ကန်ပက်လက်၊ ကျင်းဒွေး၊ ကျီးခါး၊ ဆမီး၊ ဆူရ်ခွား၊ တွန်းဇံ၊ နှာဟရိန်၊ မင်းတပ်၊ မတူပီ၊ ရိဒ်ခေါဒါရ်၊ ရေဇွာ၊ လိုင်လင်းပီ၊ ဝေဘူလ၊ မကွီအိမ်နူးမြို့တို့မှာ စစ်ကောင်စီလက်အောက်မှ လွတ်မြောက်သွားပြီဖြစ်သည်။

ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ရန် ကျန်ရှိသည့် ခိုင်ကမ်းမြို့၊ တီးတိန်မြို့၊ ထန်တလန်မြို့၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဟု ပြောဆိုထားသည်။

#TachileikNewsAgency

#TNA_MAT

Photo: Chin Defence Force - Mindat