ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသား (၃၁)ဦး အပါအဝင် အကျဉ်းသား (၉၈) ဦးအား AA ကယ်ထုတ်ပေးကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးကြောင်း သိရသည်။
စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးနှင့် မြို့အား AA က အပြီးသတ် သိမ်းပိုက်ရယူခဲ့ရာ ဘူးသီးတောင် အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှုအစရှိသော ရာဇဝတ်မှုအသီး သီးကျူးလွန်ထားသည့် အကျဉ်းသား စုစုပေါင်း (၉၈)ဦးအား မေလ(၁၆) ရက်နေ့၌ ဘေးလွတ်ရာသို့ ကယ်ထုတ်လာနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ အကျဉ်းသား (၉၈) ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေးထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီမှ နိုင်ငံရေးအရ ခုတုံးလုပ်ကာ မတရားသဖြင့် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသား (၃၁)ဦး ပါရှိပြီး ၎င်းတို့အား မိသားစုဝင်များနှင့် ဆက်သွယ်ပေးကာ မိသားစုဝင်များထံ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအချို့ကိုလည်း မေလ (၂၆) ရက်တွင် ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။
အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြပြီဖြစ်သည့်အပြင် AA က ဆက်လက်ကူညီ ထောက်ပံ့နေသည်ဟု သိရသည်။
AA သည် စစ်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား နိုင်ငံတကာ စစ်ဥပဒေအရ ကယ်ဆယ်ကူညီပေးနေပြီး စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံနေကြရသည့် အကျဉ်းသားများကိုလည်း တိုက်ပွဲများကြားမှ ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့သည့် ဖြစ်ရပ်များရှိသည်ဟု ထုတ်ပြန်ထားသည်။
ဘူးသီးတောင်မြို့တွင်လည်း တိုက်ပွဲများ မဖြစ်ပွားမီကပင် စစ်ကောင်စီသည် ဘူးသီးတောင်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားအချို့အား ချန်လပ်ထားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဘူးသီးတောင်အကျဉ်းထောင်မှတစ်ဆင့် နခခ (၃) သို့ ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့ပြီးနောက် ဘူးသီးတောင်မြို့၌ တိုက်ပွဲများ ပြင်းထန်လာခဲ့သည့်တိုင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို တိုက်ပွဲကင်းလွတ်ရာသို့ ပြောင်းရွှေ့ခြင်းအား ပြုလုပ်ရမည့်အစား လျစ်လျူရှုထားသည်ဟု သိရသည်။
စစ်ကောင်စီ၏ လူမျိုးရေးအမုန်းတရားကို အခြေခံကာ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားများကို ပိုမိုဖိနှိပ်ပြီး လူ့အခွင့်အရေးချိူးဖောက်သည့် လုပ်ရပ်ကို အထင်အရှား တွေ့မြင်နေရသည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: AA Info Desk