သံတွဲမြို့ လင်းသာကမ်းခြေတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲနေ

သံတွဲမြို့ လင်းသာကမ်းခြေတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲနေ

ရခိုင်ပြည်နယ် သံတွဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတို့မှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး မြို့တွင်းသို့ လက်နက်ကြီးကျည်များကျရောက်ကာ လင်းသာကမ်းခြေတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့ကစတင်ပြီး ငပလီကမ်းခြေ၊ ရွှေကျောင်းပြင်ရွာ၊ သံတွဲမြို့ရပ်ကွက်များ အတွင်းနှင့် ညောင်ခြေထောက်ရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မနေ့ တစ်ရက်လုံးလည်း ဗုံးကြဲ၊ တစ်ညလုံးကြဲတယ်။ ဒီနေ့(ဇူလိုင် ၉) မနက်လည်း ထပ်ဗုံးကြဲနေတယ် ငပလီ ဘက်ကို။ ရွာဘက်ကတော့ လက်နက်ကြီးကျည်တွေကျတယ်။ လူအထိအခိုက်တော့မရှိဘူး။ မြို့ထဲလည်း လက်နက်ကြီးကျည်ကျတယ်။ အခု မနက် လင်းသာကမ်းခြေမှာ တိုက်ပွဲဖြစ်နေတယ်။ လင်းသာဆိုတာ ငပလီကနေ စစ်ကောင်စီတပ်စွဲထားတဲ့ ဂျိတ္တောသွားတဲ့လမ်းမှာရှိတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံတွဲမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဦးစိုးရွှေ၏ နေအိမ်နှင့် အမှတ်(၁)ရပ်ကွက်၊ ဆေးရုံပိုင်းအနီးရှိ စံပါယ်လမ်းထိပ်အနီး လူနေအိမ်တစ်လုံးပေါ်သို့ ကျရာက်ခဲ့သည်ဟု သိရသည်။

 

“တစ်ညလုံးဗုံးကြဲနေတာ အိပ်လို့တောင်မရဘူး။ လေယာဉ်တွေက မြို့ပေါ်ကနေဖြတ်ပျံနေတာ။ ဒီမနက်လည်း လာကြဲသေးတယ်။ အခုလည်း မိုးမလင်းသေးဘူး Y-12 ရောက်လာပြီး ဗုံးကြဲသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကြောင့် ငပလီမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်၏ ခလရ (၅၅)၊ ခမရ (၅၆၆)နှင့် ပြည်သူ့စစ်များသည် ဂျိတ္တောရပ်ကွက်တွင် ပူးပေါင်းခံစစ်ပြင်ဆင်နေရပြီး မောင်ရွှေလေး ရေတပ်စခန်းကလည်း ၎င်းတို့ကို အဝင်မခံဟု တပ်တွင်းသတင်းအရင်းအမြစ်က ယမန်နေ့တွင် Tachileik News Agency ကိုပြောဆိုထားသည်။

 

ပြီးခဲ့သည့်ရက်ကလည်း အာရက္ခတပ်တော် (AA)သည် သံတွဲလေဆိပ်နှင့် ခမရ(၅၆၆)ကို သိမ်းပိုက်ကာ ခလရ (၅၅)ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီသည် လေကြောင်းမှ ဆက်တိုက်ဗုံးကြဲပြီး လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများလုပ်ဆောင်နေခြင်းဖြစ်သည်။

သံတွဲမြို့သိမ်းတိုက်ပွဲကို AA သည် ၂၀၂၄ ခုနှစ် ဧပြီလ (၁၃)ရက်နေ့ကစတင်ခဲ့ပြီး စစ်ကောင်စီ၏ သံတွဲအခြေစိုက် တပ်ရင်းများဖြစ်ကြသော ခမရ (၅၆၆)နှင့် ခလရ (၅၅)တပ်ရင်းတို့အပြင် တပ်မ (၁၀၁)လက်အောက်ခံတပ်ရင်း များဖြစ်ကြသည့် ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅)(မိတ္ထီလာ-တမခ-၉၉)-လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး)-နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့အပြင် စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းများနှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များက ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Than Khin