ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ဂျောင်းတာရွာထိပ်ရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်တို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု ပဲခူးခရိုင်ပကဖထံမှ သိရသည်။
စစ်ကောင်စီတပ်၏ ဂိတ်စခန်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာ MA-3 တစ်လက်၊ ရှေ့ထွက်မိုင်း တစ်လုံး၊ အီနာဂါ ဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး ဂိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
“ပျူခေါင်းဆောင်နေအိမ်ကို တိုက်ခိုက်တာ။ ပျူခေါင်ဆောင်ထွက်ပြေးသွားတယ်။”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ယင်းနေ့တွင်ပင် ဂိတ်စခန်းအနီးရှိ ဂျောင်းတာရွာအုပ်စု ပျူစောထီးများအား စစ်သင်တန်းပေးနေသော ပျူစောထီးခေါင်းဆောင်၏ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းရာ လက်လုပ်ကိုးလုံးသေနတ် (၂)လက်နှင့် လက်လုပ်သေနတ် အတု (၂)လက်တို့ကို သိမ်းဆည်းရရှိသည်ဟု ဆိုသည်။
ထို့အပြင် လက်ရုံးတပ်များဖြစ်သော ပဲခူးခရိုင် အင်းတကော်နှင့် ကဝမြို့နယ် ဒရုံးတပ်ဖွဲ့ကလည်း ရွှေကျင်မြို့နယ် ဒုံဇရစ်(၅၈၉)တပ်ရင်းရှိ လက်နက်တိုက်၊ ကင်းဂိတ်နေရာများအား ဗုံးသီးချတိုက်ခိုက်သည်ဟု သိရသည်။
လက်ရှိတွင် ဒိုက်ဦးမြို့နှင့် အစပ် (၁၀)မိုင်ခန့်ဝေးသည့် ဆင်ရွာ၊ စပ်စု၊ ဝိုင်းပတ်၊ သူရဲသမိန်ရွာများကို စစ်ကောင်စီတပ်က အင်အား(၇၀)ဝန်းကျင်ဖြင့်ဝင်ရောက်ကာ လူငယ်များအား ပေါ်တာဆွဲခြင်းလုပ်ဆောင်နေသဖြင့် ဒေသခံများ ထွက်ပြေးနေကြရသည်ဟုလည်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
“စစ်ကြောင်းထိုးလာတဲ့အခါ တွေ့တဲ့သူဖမ်းပြီး ခေါ်စစ်တယ်။ လူငယ်တွေရှောင်နေကြရတယ်။”ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
တိုက်ခိုက်မှုကို KNLA နှင့် ပဲခူးခရိုင် ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့နယ် ပကဖ၊ ကဝမြို့နယ်ပကဖ၊ ရန်ကုန်တိုင်း တိုက်ခိုက်ရေးတပ်ဖွဲ့(၅)၊ မအူပင်ခရိုင်ပကဖ၊ ဝေါမြို့နယ်ဆေးတပ်ဖွဲ့တို့ပူးတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: Bago District People's Defense Organization - ပဲခူးခရိုင် ပကဖ