AA အနေဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံးကို ရရှိရန်မှာ ဂွမြို့ကို သိမ်းပြီးပါက ဆက်လက်သိမ်းပိုက်ရန် မြို့(၃)မြို့သာ ကျန်

AA အနေဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံးကို ရရှိရန်မှာ ဂွမြို့ကို သိမ်းပြီးပါက ဆက်လက်သိမ်းပိုက်ရန် မြို့(၃)မြို့သာ ကျန်

 ချင်း-ရခိုင်နယ်စပ်ရှိ ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း(၁၃)မြို့နယ်တို့ကို သိမ်းပိုက်ထားပြီး လက်ရှိတွင် ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ရန် အပြင်းအထန် ထိုးစစ်ဆင်နေရာ ဂွမြို့သိမ်းပြီးပါက ဆက်လက် သိမ်းပိုက်ရန် မြို့နယ်(၃)မြို့နယ်သာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော်(AA) က  ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့ အကူးပိုင်းအချိန်တွင် သတင်းထုတ်ပြန်လာသ်ည။

အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ(၂၀)ရက်နေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒုတိုင်းမှူးနှင့်အဖွဲ့ကိုပါ အရှင်းဖမ်းမိလိုက်သလို အမ်းမြို့နယ်တစ်ခုလုံးကိုလည်း သိမ်းပိုက်ထားလိုက်ပြီ ဖြစ်သည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်ကနေ စစ်ရှုံးပြီး စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိသည့်များစွာထဲ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့လည်း ပါဝင်သည်။

 

အာရက္ခတပ်တော်(AA)အနေဖြင့် ချင်း - ရခိုင် နယ်စပ်ရှိ ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်အတွင်း  ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့၊ မောင်တောမြို့ နှင့် အမ်းမြို့ အပါအဝင် စုစုပေါင်း (၁၄)မြို့ကို သိမ်းပိုက်စိုးမိုးထားပြီး ဖြစ်သည်။

လက်ရှိတွင် ဂွမြို့နယ်တစ်ခုလုံးကို အရှိန်အဟုန်တိုးမြှင့်စွာ ထိုးစစ်ဆင်နေပြီး မကြာမီ ဂွမြို့ကိုလည်း အပြီးသတ်သိမ်းနိုင်တော့မည်ဖြစ်၍ ဆက်လက် သိမ်းပိုက်ရန်စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် (၃) မြို့ကျန်တော့ကြောင်း သိရသည်။

"လက်ရှိအချိန်၌လည်း ဂွမြို့နယ်အတွင်းရှိ ရန်သူများအား အာရက္ခတပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ဂွမြို့၏ ဒေသခံတပ်ရင်းများနှင့် စစ်ကူလာသော ရန်သူ၏ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းပေါင်း များစွာတို့ဖြင့် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ဂွမြို့၏ သုံးပုံနှစ်ပုံခန့်ကိုလည်း မိမိတို့မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။"ဟု AA က သတင်းထုတ်ပြန်ထားသည်။ 

မြို့နယ်တခုပြီးတခု သိမ်းပိုက်နိုင်ခြင်း၏ အောင်မြင်မှုများသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(United League of Arakan/ Arakha Army - ULA/AA)တစ်ခုတည်း၏ ကြိုးပမ်းမှုတစ်ခုတည်းသာ မဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံပံ့ပိုးမှု၊  မဟာမိတ်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍ မရသေးသော မိတ်ဆွေတစ်ချို့တို့၏ ဝန်းရံပံ့ပိုးမှုများကြောင့် ဖြစ်သည်ဟုလည်း ပြောကြားထားသည်။