စစ်ကိုင်းတိုင်း ကသာမြို့တွင်း၌ KIA နှင့် အပေါင်းအပါ NUG နှင့် မိတ်ဆွေဖွဲ့ရန် စဉ်းစားမည်မဟုတ်ဟုဆိုသည့်စာများ စစ်ကောင်စီ၏ မဟာမိတ် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က လိုက်ဝေနေသည်ဟု ဒေသခံများထံမှ သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA)သည် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ကသာမြို့ကို ဝင်ရောက်လာပြီး စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၃၀၉)အပြင် ဘုန်းကြီးကျောင်းများ၌ တပ်စွဲကာ ဘုန်းကြီးကျောင်း၊ ဈေးနှင့် စာသင်ကျောင်းများတွင် ဝါဒဖြန့်စာရွက်များ လိုက်ဝေနေခြင်းဖြစ်သည်ဟု ဆိုသည်။
“မြို့တွင်းမှာပဲနေတာ အပြင်တော့မထွက်ဘူး။ စာရွက်တွေကို လူစည်ကားတဲ့ ဈေးမှာဝေသွားတာ။ ကျောင်းသားလေးတွေကိုလည်း ကျောင်းမှာလိုက်ဝေတယ်။ ဒေသခံတချို့ကတော့ လွင့်ပစ်ခဲ့ကြတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
SNA တပ်များသည် ခမရ(၃၀၉)အတွင်း၌ အင်အား(၃၀၀)ဝန်းကျင်ဖြင့် ပူးပေါင်းနေခြင်းဖြစ်ပြီး အဆိုပါတပ်ရင်းသည် ကသာမြို့အောက်ဘက် ကျန်တောကြိုးတံတားအနီး တုန်းပေါဆီခြံ ရပ်ကွက်(၁၀) ကျန်တောအနီးတွင်ရှိသည်။
“ကျွန်တော်အမြင်ကတော့ စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးလည်း စစ်ပြင်နေရတာဆိုတော့ သူတို့အသုံးချလို့ရမယ့် ဘယ်သူမဆို ခေါ်သုံးမှာပဲ။ ဒါကအမြဲလုပ်နေကြပဲလေ။”ဟု ဒေသခံတစ်ဦးက သုံးသပ်သည်။
မည်သည့်အတွက်ကြောင့် SNA တပ်များသည် ကသာမြို့သို့ရောက်ရှိနေသည်ကိုမူ ဒေသခံများက အတိတကျပြောဆိုနိုင်ခြင်း မရှိပေ။
SNA ၏ ဝါဒဖြန့်စာရွက်များတွင် ရှမ်းနီလူမျိုးများအပေါ် ကျွန်လိုနှိပ်စက်နေသည့် KIA နှင့် အပေါင်းအပါ NUG၊ PDF အလိုမရှိဟု ပါရှိသည်။
တပ်မတော်သည် မည်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ ရန်သူမဟုတ် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ရေးအတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး လက်ကမ်းကြိုနေသည့် တပ်မတော်အပေါ် ယုံကြည်မှု အပြည့်နှင့် သစ္စာရှိရှိ လက်တွဲသွားမည့် SNA တပ်မတော်ဟု ပါရှိသည်။
လက်ရှိတွင် ကသာမြို့နှင့် မိုင်(၁၀၀)ဝန်းကျင်ဝေးသည့် ဗန်းမော်မြို့၌ တိုက်ပွဲများပြင်းထန်နေသဖြင့် ကသာမြို့ရှိ ဒေသခံများလည်း စစ်ဘေးရှောင်ရန် ကြိုတင်ပြင်ဆင်နေကြပြီဟု ဆိုသည်။
“ညတွေဆိုရင် လက်နက်ကြီးသံတွေက ကြားနေရတယ်။ ကသာမြို့ပတ်ဝန်းကျင်မှာပေါ့။ အင်းတော်မြို့ဘက်က တိုက်ပွဲသံကလည်း မကြာခဏ ကြားနေရတုန်းဆိုတော့ ကသာမှာက တထိတ်တလန့်နေကြရတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း ခမရ(၃၀၉)အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
SNA သည် ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ခန္တီးနှင့် ဗန်းမောက်မြို့နယ်တို့တွင်သာ စစ်ရေး လှုပ်ရှားသည်။
လက်ရှိတွင် SNA တွင် တပ်မဟာ (၄)ခု၊ ဗဟိုဌာနချုပ်တစ်ခုတို့နှင့်ဖွဲ့စည်းထားပြီး စစ်ကောင်စီနှင့်ပေါင်းကာ KIA နှင့် PDF တပ်များကို တိုက်ခိုက်နေသည်။
#TachileikNewsAgency
Photo: CJ