ထားဝယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်

ထားဝယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း ဓ၀ယ်တပ်တော် (DNLA) ထံမှ သိရသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့တွင် စခန်းချတပ်စွဲပြီး ခရီးသွားပြည်သူများအား ငွေကြေးကောက်ခံခြင်းများလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒီဇင်ဘာလ (၁၅)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး သေဆုံးပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဓ၀ယ်တပ်တော်က ထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း MA-11 (၁)လက် ၊ ကျည်ဘောက် (၄)ခု ၊ ၅.၅၆ ကျည် (၂၆၁)တောင့် ၊ စစ်သုံးဦးထုပ် (၂)လုံး ၊ ငွေသား (၉၆၅,၀၀၀) ကျပ်၊ အီကွေးမန့် (၁)ခု ၊ စကားပြောစက် (၁)လုံး ၊ လက်ကိုင်ဖုန်း (၂)လုံးနှင့် စစ်သုံးရေဗူး (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ဒူရက စစ်ကြောင်း၏ ဦးဆောင်မှုဖြင့် ဓ၀ယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖက်ဒရယ်ဒူဝံကြယ် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ ပြည်သူဘက်သို့ ရပ်တည်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး အလင်းဝင် ပူးပေါင်းပေးကြရန် ဓ၀ယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က အသိပေးထားသည်။

#TachileikNewsAgency

Photo: DNLA - ဓဝယ်တပ်တော်