စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ကြောင်း Monywa Inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် အင်အား (၈၀)ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက် (၇)နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၄၅) မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး နေရာတွင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဝမ်ပေါင်ကုမ္ပဏီအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး ၊ ကားသုံးစီး အင်အားအပြည့်ဖြင့် စစ်ကူများစေလွှတ်ခဲ့ကြောင်း Monywa Inventor အဖွဲ့က ဆိုသည်။
ထို့အပြင် မုံရွာဘက်ကမ်း Ocean အနီးမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးပြီး ၊ စစ်ကား (၅)စီး အင်အားအပြည့်ဖြင့် မုံရွာကမ်းနားသို့ ရောက်ရှိလာခဲ့သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များမှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား ဆားလင်းကြီးအခြေစိုက် Inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Triple Two Task Force ဗျူဟာ (၄၄) နှင့် ဆားလင်းကြီးမြို့နယ် မြို့နယ်လက်ရုံးတပ်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Monywa Inventor