ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင် (ပန်းရောင်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်မြန်မာသံရုံးက ဒီဇင်ဘာလ (၁၃)ရက်နေ့ တွင် ထုတ်ပြန်သည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား အလုပ်သမားများ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ရပြီးမှ သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံခြားသားအလုပ်သမားများ၊ တရားဝင် ဝင်ရောက်ခဲ့သော်လည်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရရှိရန် ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာနက ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ပထမအဆင့်အနေဖြင့် အမည်စာရင်းတင်သွင်းခြင်းကို ဒီဇင်ဘာလ (၁၆)ရက်နေ့မှ ဒီဇင်ဘာလ (၃၀)ရက်နေ့အထိ ခွင့်ပြုသွားမည်ဖြစ်ပြီး ၊ ဒုတိယအဆင့်အနေဖြင့် ကျန်းမာရေးအာမခံနှင့် ကျန်းမာရေး စစ်ဆေးမှု ခံယူခြင်းကို အစိုးရဆေးရုံ (သို့မဟုတ်) အလုပ်အကိုင်ဦးစီးဌာနမှ ခွင့်ပြုကြေငြာထားသည့် ပုဂ္ဂလိက ဆေးရုံများတွင် ကျန်းမာရေး ဆေးစစ်ရမည်ဖြစ်ကာ ၊ ကျန်းမာရေးအာမခံကိုလည်း အလုပ်အကိုင်ဦးစီးဌာနမှ ခွင့်ပြုထားသည့် အာမခံကုမ္ပဏီမှတစ်ဆင့် တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ (၃၀) ရက်နေ့အထိ လျှောက်ထားရမည်ဖြစ်ပြီး ၊ ထိုင်းအစိုးရက လျှောက်လွှာများကို စိစစ်ခွင့်ပြုခြင်းကို မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၂၉) ရက်နေ့အထိ ရက် (၃၀)အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တတိယအဆင့်အဖြစ် ဇီဝဗေဒအချက်အလက် စုဆောင်းခြင်းကို မတ်လ (၃၁) ရက်နေ့မှ ဇွန်လ (၂၈) ရက်နေ့အထိ ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာနက စုဆောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်မည့် နိုင်ငံကူးလက်မှတ်၊ CI စာအုပ်ကိုင်ဆောင်ထားသူများကိုလည်း အမည်စာရင်းတင်သွင်းခြင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့အထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာလုပ်သားအများစုသည် အကျိုးဆောင်ကုမ္ပဏီ၊ အကျိုးဆောင်အဖွဲ့အစည်း၊ အကျိုးဆောင် ပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ယုံကြည်စိတ်ချရသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ကို လေ့လာရှာဖွေဆောင်ရွက်ကြရန်ကိုလည်း ဘန်ကောက်မြန်မာသံရုံးက အသိပေးထားသည်။
#TachileikNewsAgency