ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၂၆၈ ဦးသေဆုံး ၆၄၀ ဦးဒဏ်ရာရ

ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၂၆၈ ဦးသေဆုံး ၆၄၀ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်သားများအပေါ် သတ်ဖြတ်မှုကြောင့် အရပ်သား(၂၆၈)ဦး သေဆုံးပြီး (၆၄၀)ဦး ဒဏ်ရာရရှိကြောင်း ULA/AA၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ် ပြီးသေဆုံးသူများထဲတွင် အမျိုးသမီး(၂၈)ရာခိုင်နှုန်းနှင့် အမျိုးသား (၇၂)ရာခိုင်နှုန်းပါဝင်သည်ဟု HDCO က ၂၀၂၄ခုနှစ် မေလ(၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီး (၄၃)ရာခိုင်နှုန်းနှင့် အမျိုးသား (၅၇)ရာခိုင်နှုန်းပါဝင်ကာ သေဆုံးသူအများစုမှာ ရခိုင်ဗုဒ္ဓဘာသာဝင် (၁၈၂)ဦးနှင့် ဒုတိယအများဆုံးမှာ အစ္စလာမ်ဘာသာဝင် (၇၈)ဦးဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြိုလူမျိုး (၃)ဦး၊ ဗမာလူမျိုး (၂)ဦး၊ ခူမီးလူမျိုး (၂)ဦးနှင့် မရာမာကြီးလူမျိုး (၁)ဦးတို့လည်း သေဆုံးခဲ့ရသည်။

ဒဏ်ရာရရှိသူများတွင် ရခိုင် (၅၀၉)ဦး၊ မူ‌ဆလင် (၁၁၂)ဦး၊ မရမာကြီး (၈)ဦး၊ ခူမီး (၆)ဦး၊ Chaw (၅)ဦးနှင့် မြို (၂)ဦးတို့ပါဝင်သည်။

အဆိုပါ စာရင်းအချက်အလက်များမှာ ရက္ခိုင်ပြည်အတွင်း တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁၃) ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ (၁၃)ရက်နေ့အထိ စာရင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့များကို သိမ်းပိုက်ထားသည်။

မောင်တော၊ သံတွဲနှင့် အမ်းမြို့တို့တွင် တိုက်ပွဲများဖြစ်နေပြီး ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မန်အောင်နှင့် စစ်တွေမြို့တို့ကို သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။

#TachileikNewsAgency