ဖာပွန်ခရိုင်အတွင်းက ဆင်စွယ်နှင့် တောင်သုံးလုံးစခန်းကို တော်လှန်ရေးတပ်များ အပြီးသိမ်း

ဖာပွန်ခရိုင်အတွင်းက ဆင်စွယ်နှင့် တောင်သုံးလုံးစခန်းကို တော်လှန်ရေးတပ်များ အပြီးသိမ်း

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းနှင့် တောင်သုံးလုံးတပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့ နှင့် (၁၁)ရက်နေ့တို့တွင် အဆိုပါစစ်ကောင်စီတပ်စခန်းများကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

ဆင်စွယ်တပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် FFD (ဒရုန်းတပ်ဖွဲ့)တို့က ဒီဇင်ဘာလ(၇)ရက်နေ့တွင် သိမ်းလိုက်ခြင်းဖြစ်သည်။ 

တောင်သုံးလုံးတပ်စခန်းကိုလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ 

စခန်းသိမ်းတိုက်ပွဲများမှ စစ်ကောင်စီတပ်၏ (၁၂၀)မမ၊ (၈၁)မမ လက်နက်ကြီးများအပါအဝင် ခဲယမ်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိသည်ဟု ဆိုသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကလည်း မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ တောင်သုံးလုံးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ၁၂၀(မမ)၊ ၈၁(မမ)၊ ၆၀(မမ)လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်သည့်‌ အဆိုပါ တပ်စခန်းများမှာ စစ်ရေးဗျူဟာအရ အရေးပါသည့် တပ်စခန်းများဖြစ်ပြီး ဖာပွန် - ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသည့် တပ်စခန်းများလည်းဖြစ်သည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ ၊  BPLA