မုံရွာမြို့မှ မန္တလေးဘက်သို့ ထွက်လာသည့် စစ်ကောင်စီ သံချပ်ကာကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှ မန္တလေးဘက်သို့ မန္တလေး-မုံရွာ ကားလမ်းမအတိုင်း ထွက်လာသည့် စစ်ကောင်စီ သံချပ်ကာကား (၄)စီးအား ရှေ့ထွက်မိုင်းနှင့် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲထံမှ သိရသည်။

မုံရွာမြို့မှ မန္တလေးဘက်သို့ မန္တလေး-မုံရွာ ကားလမ်းမအတိုင်း ထွက်လာသည့် စစ်ကောင်စီ သံချပ်ကာကား (၄)စီးအား ကင်းထောက် တပ်ဖွဲ့ဝင်များ၏ သတင်းပေးချက်အရ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်တွင် ချောင်းဦးမြို့ အရှေ့ဘက် ချောင်းဦး-မြင်းမူ လမ်းပိုင်းတစ်နေရာ၌ တော်လှန်ရေးတပ်ဖွဲ့များမှ ရှေ့ထွက်မိုင်း (၆)လုံးနှင့် ပဒေသာမိုင်း (၉)လုံးတွဲတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိပြီး သံချပ်ကာကား (၄)စီးအနက် (၂)စီး ပျက်စီးသွားကာ ချောင်းဦးမြို့အရှေ့ဘက် ဟန်သစ်ဆီဆိုင်အနီးတွင်ထားခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)က ဆိုသည်။

ကျန်ရှိသည့် စစ်ကောင်စီ သံချပ်ကာကား (၂)စီးမှာ နတ်ရေကန် ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာတွင် ခေတ္တရပ်နား၍ စစ်ကိုင်းမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃)လျှပ်စီးတပ်ခွဲ ၊ ရေနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Seven Defence Force (ပြည်သူ့ တော်လှန်ရေးတပ်) နှင့် Eleven People Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃