ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် မူဆလင်များအား အရက္ခတပ်တော်(AA)ကို ဆန္ဒပြခိုင်းသူ အမှတ်(၁၅) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း AA ၏ ထိုးစစ်အတွင်း နှစ်ကြိမ်မြောက် ထွက်ပြေးရသူ ဖြစ်လာသည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်မြို့အား AA သိမ်းပိုက်စဉ် တစ်ကြိမ်ထွက်ပြေးရကာ ယခု မောင်တောမြို့ကို AA ထပ်မံသိမ်းပိုက်စဉ် နောက်တစ်ကြိမ်ထွက်ပြေးရသည့် စစ်ဗိုလ်မှူးချုပ်တစ်ဦးဖြစ်သည်။
AA သည် ဘူးသီးတောင်မြို့နယ်အား မသိမ်းပိုက်မီ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မူဆလင်များအား တပ်သားသစ်စုဆောင်းခြင်းနှင့် AA အပေါ် ဆန္ဒပြရန် ခြိမ်းခြောက်စေခိုင်းကြိုးကိုင်သူဖြစ်ခဲ့သည်။
၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ မူဆလင်ဒုက္ခသည်စခန်းများနှင့် တပ်မင်းချောင်း၊ ကျောက်ဖြူတောင်တို့မှ မူဆလင်များကို AA အား ဆန္ဒပြခိုင်းခဲ့သည့်နောက်ကွယ်မှ ကြိုးကိုင်သူခဲ့သည်ဟု ဒေသခံ မူဆလင်များက Tachileik News Agency ကို ပြောသည်။
"လူတစ်ဦးချင်းကို စစ်မှုမထမ်းချင်ရင် AAကို ဆန္ဒပြရမယ်ဆိုပြီး ခြိမ်းခြောက်စုရုံးပြီးတော့ သူတို့အစီအစဉ်ကို ထောက်ခံခိုင်းတယ်။ AA ကို ဆန့်ကျင်ခိုင်းတာ။ ကြောက်တော့လည်း လုပ်ခဲ့ရတာပေါ့။"ဟု ဒေသခံ မူဆလင်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်မြို့ရှိ မူဆလင်များကို ခြိမ်းခြောက်၍ ပြည်တွင်းစစ်ကို မလိုလားကြောင်း၊ AA အလိုမရှိကြောင်း၊ တိုက်ပွဲများအလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် မောင်တောမြို့စောင့်တပ်ဖြစ်သည့် မြို့သူကြီးရှိ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၏ ရှေ့ကာကင်းအထိုင် ဗောဓိကုန်းစခန်းကို AA က ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် သိမ်းပိုက်စဉ် မောင်တောခရိုင်အတွင်း နေထိုင်သည့် မူဆလင်များ ကို အတင်းအဓမ္မအစည်းအဝေးခေါ်ယူပြီး တပ်အတွင်းသို့ ဝင်ခိုင်းခဲ့သူလည်းဖြစ်သည်။
“ခင်ဗျားတို့တွေ ရခိုင်တွေကြောင့် ဒုက္ခရောက်နေကြတယ်။ လက်နက်ကိုင်ရမယ်။ ရွာအနီးအနားမှာ တိုက်ပွဲဖြစ်ရင်တောင် မင်းတို့ရွာတွေ တခုခုမဖြစ်စေရဘူး။ ရခိုင်ရွာတွေကိုပဲ မီးတိုက်ဖျက်ဆီးမယ်။ ငါတို့တွေနဲ့ ပူးပေါင်းမယ်ဆိုရင် မင်းတို့ကို လက်နက်ထုတ်ပေးမယ်လို့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကပြောဆိုသွားတာ။”ဟု ဒေသခံ မူဆလင်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် အနီးဆုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်သော စကခ(၁၅)သည် တပ်ရင်း (၁၀)ရင်းဖြင့် ဖွဲ့စည်းထားရှိပြီး ဘူးသီးတောင်မြို့နယ်အတွင်း၌ တပ်ရင်း(၈)ရင်းအထိ တပ်စွဲထားခြင်းဖြစ်သည်။
စကခ(၁၅)လက်အောက်တွင် တပ်ရင်း(၁၀)ရင်းရှိပြီး ၎င်းတပ်ရင်းများမှာ ခမရတပ်ရင်းများဖြစ်သည့် (၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၃၆ ၊ ၅၃၇၊ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅)တို့ဖြစ်သည်။
ခမရ(၅၃၆)နှင့် (၅၃၇)တို့မှာ ရသေ့တောင်တွင် အခြေစိုက်ပြီး ခမရ(၅၅၂)တပ်ရင်းမှာ တောင်ဘဇားတွင် အခြေစိုက်ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်များပြီးနောက် နှစ်လအကြာ မေလ(၂)ရက်နေ့တွင် အမှတ် (၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရာ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောအခြေစိုက် တပ်ရင်းများထံ ထွက်ပြေးသွားသည်။
ထို့နောက် မောင်တောအခြေစိုက်တပ်ရင်းများဖြင့် အာရက္ခတပ်တော်(AA)၏ထိုးစစ်ကို ထပ်မံခုခံတိုက်ခိုက်ရာက မောင်တောမြို့နယ်ရှိ နောက်ဆုံးလက်ကျန် အမှတ်(၅)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅)အား ယမန်နေ့ ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် AA က သိမ်းပိုက်လိုက်ပြီဟု ကြေညာရာ ဗိုလ်မှူးချုပ် သူရိန်ထွန်း ထပ်မံထွက်ပြေးရ ပြန်သည်။
AA ၏ ထုတ်ပြန်ချက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅)မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းအဖွဲ့များဖြစ်သည့် RSO ၊ ARSA၊ ARA တို့နှင့် နခခ (၅)အနီးပတ်ဝန်းကျင်နှင့် မောင်တောဒေသတလျှောက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။
စစ်ကောင်စီနှင့် RSO၊ ARSA၊ ARA ပူးပေါင်းအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နတ်မြစ်တလျှောက်၌ စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေများဖြင့် ထွက်ပြေးရန်ကြိုးစားနေသည့်အတွက် နတ်မြစ် (ရခိုင်ပြည်ဘက် အခြမ်း ရေပိုင်နက်)အတွင်း ရေကြောင်းခရီးသွားလာမှုများကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း AA က ထုတ်ပြန်သည်။
ရခိုင်အခြေစိုက် သတင်းဌာနများ၏ဖော်ပြချက်တွင်မူ ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါ မူဆလင်တပ်သား(၁၀၀)ဦး ဝန်းကျင်ကို ဖမ်းဆီးရမိပြီဟု စစ်ရေးသတင်းအရင်းများအား ကိုးကားဖော်ပြသည်။
သို့သော်လည်း ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိသည့် သတင်းနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား Tachileik News Agency က ဆက်သွယ်မေးမြန်း အတည်ပြုချက်ရယူသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပါ။
မောင်တောမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ အမှတ် (၅)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅) ကို သိမ်းပိုက်ပြီးနောက် ၁၆၈ မိုင် ရှည်လျှားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတခုလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ရခိုင်ပြည်နယ် အမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုသာ သိမ်းရန်ကျန်ရှိပြီး အမ်းမြို့နယ်တခုလုံးရှိ စစ်ကောင်စီ၏ တပ်ရင်းများအပါအဝင် စခန်းပေါင်း (၃၀)ကျော်ကို သိမ်းပိုက်ထားကြောင်း AA က ထုတ်ပြန်ထားသည်။
ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ်၏ အခြေချစစ်ဗျုဟာမှူး၊ ထိုမှတဆင့် ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးအဖြစ် တာဝန်ယူခဲ့သည်။
၎င်းသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ၂၀၂၂ ခုနှစ် ဇူလိုင်နှင့် ဩဂုတ်လအတွင်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်တွင် ပျူစောထီးများအား လက်နက်တပ်ဆင်ပေးခဲ့သည်။
ယခုနှစ် အောက်တိုဘာလတွင် ဘူးသီးတောင်မြို့နယ်သို့ ပြောင်းရွှေ့ရောက်ရှိလာပြီး စကခ(၁၅)၏ စစ်ဆင်ရေး ကွပ်ကဲရေးမှူးဖြစ်လာခဲ့သည်။
၎င်းမရောက်လာမီ စကခ(၁၅)၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးမှာ Tachileik News Agency က ဖော်ပြခဲ့သည့် ကြည်း/၂၈၂၂၈ ဗိုလ်မှူးချုပ်ကျော်ထင်(စတသ.၃၈)ဖြစ်သည်။
ဗိုလ်မှူးချုပ်ကျော်ထင်မှာ မင်းပြားတိုင်းဗဟို(၉)ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း AA တိုက်ခိုက်သိမ်းပိုက်စဉ် ပထမဆုံး ထွက်ပြေးလွတ်မြောက်သွားသည့် ကျောင်းအုပ်ကြီးဖြစ်ခဲ့သည်။
အဆိုပါ ဗိုလ်မှူးချုပ်ကျော်ထင်သည် လက်ရှိတွင် မကွေးတိုင်း ကပစသို့ ရောက်ရှိနေသည်ဟု တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။
#TachileikNewsAgency
Photo: မောင်တောမြို့တွင် ၂၀၂၃ခုနှစ် မေလက ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် တွေ့ရသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်း (ပုံဟောင်း)