ရေစကြိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်နှစ်ဦးစီးနင်းလာသည့်ကား စစ်ကောင်စီတပ်က ချုံခိုတိုက်ခိုက်သဖြင့် လက်နက်ခဲယမ်းများ ဆုံးရှုံး

ရေစကြိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်နှစ်ဦးစီးနင်းလာသည့်ကား စစ်ကောင်စီတပ်က ချုံခိုတိုက်ခိုက်သဖြင့် လက်နက်ခဲယမ်းများ ဆုံးရှုံး

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်နှစ်ဦးစီးနင်းလာသည့်ကားကို စစ်ကောင်စီတပ်က တိုက်ခိုက်သဖြင့် ရဲဘော်တစ်ဦး ဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သော်လည်း လက်နက်ခဲယမ်းများ ဆုံးရှုံးသွားသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းက ကံသစ်ကျေးရွာမှ တောင်အိုတာတိုင်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အသွားလမ်း၌  ပြည်သူကာကွယ်ရေးရဲဘော်နှစ်ဦး စီးနင်းလာသည့်ကားမှာ ချုံခိုပစ်ခတ်ခံရသည်ဟု ဆိုသည်။

“ပစ်ခတ်ခံရမှုကြောင့် ရဲဘော်တစ်ဦး ကျည်ထိမှန်(အသက်မစိုးရိမ်ရ) ဒဏ်ရာရှိခဲ့ပြီး ကားပေါ်မှပါလာသည့် ကျန်ရဲဘော်တစ်ဦး၏ ပြန်လည်ပစ်ခတ်နိုင်ခဲ့မှုကြောင့် စစ်ကောင်စီခွေးတစ်ကောင်နေရာတွင်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးမှာလည်း ထွက်ပြေးလွတ်မြောက်ခဲ့ပါသည်။”ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြသည်။

ကာကွယ်ရေးရဲဘော်များ စီးနင်းလာသည့်ကားတစ်စီး၊ Glock.38 ပစ္စတို တစ်လက်၊ အီနာဂါဗုံးသီး အလုံး(၄၀)ခန့် နှင့် ငွေကျပ်သိန်း (၄၀)ကျော် ဆုံးရှုံးပြီး အဆိုပါစစ်ကောင်စီတပ်သည် ပခန်းကြီးနယ်မြေရဲစခန်းအနီး၌ တပ်ဖြန့်ထားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က ဖော်ပြမှုတွင်လည်း ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာဘက်သို့ PDF နှစ်ဦး  ကားတစ်စီးနှင့် မောင်းနှင်လာစဉ် ပခန်းကြီးကျေးရွာအနီး၌ အသင့်စောင့်နေကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးထိမှန်ထွက်ပြေးသွားခဲ့ပြီး ကားတစ်စီး၊ ပစ္စတိုတစ်လက်နှင့် အီနာဂါဗုံးသီးအလုံး (၄၀)ကို သိမ်းဆည်းရရှိသည်ဟု ဖော်ပြသည်။ 

ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ရေစကြိုမြို့နယ် တောင်အိုတာတိုင်စစ်ဆေးဂိတ်မှ အင်အား(၈၀)ဝန်းကျင်နှင့် ပျူစောထီးများသည် ကမ္ဘဲ့ကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်သည်။

ထို့နောက် စစ်ကောင်စီတပ်သည် ရေစကြိုမြို့မှ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းကြောင့် တောရွာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက်(၇)နှစ် အရွယ်ကလေးငယ်နှင့် အမျိူးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရှိသည်။

အဆိုပါစစ်ကြောင်းမှာ ကမ္ဘဲ့ကျေးရွာအားဝင်ရောက်မွှေနှောက်ကာ ပြည်သူများ၏ ရွှေ၊ ဖုန်းများခိုးယူသွားကာ ပြည်သူနေအိမ်(၃၃)လုံးအား မီးရှို့ဖျက်ဆီး၍ ခလရ(၂၅၈)အတွင်းသို့ ပြန်လည်ဝင်သွားသည်ဟု သိရသည်။ 

ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းတွင် ခလရ(၂၅၈)မှ ရွာသစ်ကျေးရွာသို့ စစ်ကြောင်းထိုးလာရာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ကြိမ်တိုက်ပွဲဖြစ်သည်ဟု သိရသည်။

တိုက်ပွဲကို ရေစကြိမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးနှင့်ပစ်ကူပေးခြင်းကြောင့် အသက်(၂၂)နှစ် အရွယ် အမျိုးသားတစ်ဦးမှာ လက်နက်ကြီးထိမှန်ဒဏ်ရာရကာ ဆေးကုသမှုခံနေစဉ် သေဆုံးသွားသည်ဟု သိရသည်။ 

ရွာသစ်ကျေးရွာမှ စစ်ကြောင်းသည် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ထန်းဆယ်ပင်ကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုးပြီး နေအိမ်(၁၄)လုံးကို မီးရှို့ကာ ထိုမှတဆင့် ကံသစ်ကျေးရွာသို့ စစ်ကြောင်းထိုးကာ နေအိမ်(၁၀)လုံးအား ထပ်မံမီးရှို့သည်ဟု ဆိုသည်။

ယင်းနေ့ ညနေပိုင်းတွင် မြို့ပေါ်မှ လက်နက်ကြီးနှစ်လုံးဖြင့် ပစ်ခတ်မှုကြောင့် ရွှေကျောင်းရွာမှ အသက်(၁၅)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးထိမှန်ဒဏ်ရာရသည်။

#TachileikNewsAgency