အမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် ဗိုလ်ကြီးတစ်ဦးအပါ ၁၂ ဦးကို တော်လှန်ရေးတပ်က ဖမ်းမိ

အမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် ဗိုလ်ကြီးတစ်ဦးအပါ ၁၂ ဦးကို တော်လှန်ရေးတပ်က ဖမ်းမိ

ရခိုင်ပြည်နယ် အမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း(၁၂)ဦးကို ဖမ်းဆီးရမိပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု အရှိုချင်းကာကွယ်ရေးတပ်(ACDF)က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့တွင် ထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို အာရက္ခတပ်တော်၏ တိုက်ခိုက်မှုကြောင့် ထွက်‌ပြေးလာကြသည့် ၎င်းတို့ထံမှ Laptop တစ်လုံး၊ Phone တစ်လုံး၊ MA-1 တစ်လက်၊ MA-3 တစ်လက်၊ ၅.၅၆ ကျည် (၂၃)တောင့်၊ Type-81 တစ်လက် (ကျည်ဘောက်မပါ)၊ ပစ္စတိုတစ်လက် (ကျည် ၂၄ တောင့်)တို့ကို သိမ်းဆည်းရရှိကြောင်း ACDF က ထုတ်ပြန်သည်။ 

“ဖုန်းလိုင်း အင်တာလိုင်းတွေက မရတော့ မနေ့က သတင်းပို့လာတာကို ဒီနေ့မှ သတင်းထုတ်ပြန်တာပါ။ ဘယ်မှာ ဖမ်းဆီးရမိတယ်ဆိုကတော့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် လျှို့ဝှက်ထားပါတယ်။”ဟု ACDF မှ ပြန်ကြားရေး တာဝန်ခံ ဆလိုင်းခနီလေဗွေက Tachielik News Agency ကိုပြောသည်။

အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ New Society Army (NSA)နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)တို့က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေးများကို တာဝန်ယူ ဆောင်ရွက်ပေးထားသည်ဟုလည်းဆိုသည်။

“ကျွန်တော်တို့ဘက်က ဖမ်းဆီးရမိသူတွေကို ကျန်းမာရေးကောင်းမွန်အောင် ဒဏ်ရာသူတွေကို ဆေးကုပေးထားတယ်။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရှိရင်လည်း ကျွန်တော်တို့ဆီကို သတင်းပို့ကြပါ။”ဟု ဆလိုင်းခနီလေဗွေက ဆက်ပြောသည်။

နိုဝင်ဘာလ (၂၃)ရက်နေ့ကလည်း အနောက်ပိုင်းစစ်ဌာနချုပ်(အမ်း)မှ ထွက်ပြေးလာသော ဗိုလ်မှူးဇော်ထက်အောင်အပါအဝင် (၁၄)ဦးကို အမ်း-ပဒါန်းလမ်းပိုင်းတွင် ဖမ်းမိသည်ဟု ဆိုသည်၊

အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော စစ်ကြောင်းကို အမ်း- ပဒါန်းလမ်းတစ်နေရာတွင် ပိတ်ဆို့တိုက်ခိုက်ရာက ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။

“အခုဆိုရင် အမ်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၆ ဦးကို မိထားတာပေါ့။ ဗိုလ်မှူးတစ်ဦးပါမယ်၊ ဗိုလ်ကြီးတစ်ဦးပါမယ်။”ဟု ဆလိုင်း ခနီလေဗွေက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်းတို့က တိုက်ခိုက်ခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ်အတွင်းက မြို့ပေါင်း(၁၀)မြို့ကို သိမ်းပိုက်ထားသည့် AAသည် စစ်ကောင်စီတပ်၏ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းပိုက်နိုင်ရန် ပိတ်ဆို့ဖြတ်တောက်၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အမ်းမြို့သိမ်း ထိုးစစ်တွင် AA နှင့်အတူ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)တို့လည်း ပါဝင်နေသည်။

အမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ကျောက်စကွဲကျေးရွာအနီးက စတင်ခဲ့ပြီး အဆိုပါ ကျေးရွာနှင့် (၁၀)မိုင်ဝန်းကျင်ဝေးသည့် မဲတောင်ဗျူဟာကုန်းစခန်းကို ထိုးစစ်ဆင်ခဲ့သည်။

အမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းတချို့ကို AAက သိမ်းထားပြီး အလုံးစုံသိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်ဟု AA ဘက်က အသိပေးထားသည်။

#TachileikNewsAgency

Photo: Asho Chin Defence Force - ACDF