အာဏာသိမ်းစစ်ကောင်စီက မတရားကြိုးပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဇေယျာသော်၏ ဖခင်ဖြစ်သူ ဒေါက်တာမြသော်၏ နာရေးကို နေ့တွင်းချင်းပြုလုပ်ကြောင်း နာရေးကူညီမှုအသင်း-ရန်ကုန်ထံမှ သိရသည်။
ကိုဖြိုးဇေယျာသော်၏ ဖခင် ဒေါက်တာမြသော် အသက်(၇၈)နှစ်သည် ရန်ကုန်မြို့ရှိ ဗဟိုရ်စည်အထူးကုဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်ဟု ဆိုသည်။
“ကွယ်လွန်သူ ပါမောက္ခဒေါက်တာ မြသော်၊ အသက် (၇၈)နှစ်၏ ရုပ်ကလာပ်အား ဗဟိုရ်စည်အထူးကုဆေးရုံမှ ရေဝေးသုဿန်သို့ ပို့ဆောင်ကာ တိုက်ရိုက်မီးသင်္ဂြိုဟ်ပေးခဲ့ပါသည်။”ဟု နာရေးကူညီမှုအသင်း-ရန်ကုန်က ဖော်ပြသည်။
ဒေါက်တာမြသော်သည် မန္တလေးသွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၏ အငြိမ်းစား ပါမောက္ခချုပ် တစ်ဦးဖြစ်ပြီး မြန်မာသွားဘက်ဆိုင်ရာ ပါမောက္ခတစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။
“သူငယ်ချင်း ဇေယျာသော် ဖခင်ဆုံးသွားပါပြီ တစ်ကယ့်ကိုစိတ်မကောင်းဖြစ်ရပါတယ်။”ဟု ACID အဖွဲ့ဝင် ကိုရန်ရန်ချမ်းကလည်း လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးထားသည်။
ကိုဖြိုးဇေယျာသော်သည် ၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရကာ ၂၀၂၁ ခုနှစ်အထိ လွှတ်တော်အမတ်ဖြစ်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးတွင်ပါဝင်လာရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့်အတူ ကြိုးပေးခံခဲ့ရသည်။
ကိုဖြိုးဇေယျာသော်သည် ၂၀၀၀ ခုနှစ်က ACID အဖွဲ့ကိုဖွဲ့စည်း၍ မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ဟော့ဂီမျိုးဆက် ဖြစ်သည်။
#TachileikNewsAgency
Photo: နာရေးကူညီမှုအသင်း-ရန်ကုန်