လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သံဃာတော် တစ်ပါး ထိခိုက်ဒဏ်ရာရ

လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သံဃာတော် တစ်ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သံဃာတော် (၁) ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း (၁)ကျောင်း နှင့် နေအိမ် (၁)လုံး ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။

လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၂၇)လုံးနှင့် လေယာဉ်ဖြင့် (၂)ကြိမ် ပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်း (၁)ကျောင်း နှင့် နေအိမ် (၁)လုံး ပျက်စီးပြီး သံဃာတော် (၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄) မှ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ လယ်ဒိုမြို့နယ်အတွင်းရှိ ကော်သာစေးကျေးရွာသို့ (၁၈)လုံး၊ ကျောင်းစုကျေးရွာ သို့ (၂)လုံးနှင့် ရေတွင်းကုန်းကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး (၁)လုံး ကျရောက် ပေါက်ကွဲကြောင်း သိရသည်။

ထို့အပြင် နတ်သံကွင်းမှ စစ်ကောင်စီတပ်များသည် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ဝေဒေါခို (အင်တိုင်းကုန်း) ကျေးရွာသို့ (၂)လုံး၊ ကျောက်စရစ် ကျေးရွာသို့ (၁)လုံး၊ ကျောက်စရစ် အနောက်ကျေးရွာသို့ (၁)လုံး ကျရောက်ပေါက်ကွဲပြီး ကော်သာစေး (ဂေါ်သဇင်) ကျေးရွာတွင် လေယာဉ်ဖြင့် (၂)ကြိမ် ပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့် ရေတွင်းကုန်းကျေးရွာမှ နေအိမ် (၁)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကုန်းချောင်းဝ ကျေးရွာမှ စစ်ကောင်စီတပ်များသည် နတ်တလင်းကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ နတ်သံကွင်းမှ စစ်ကောင်စီ တပ်များသည် နိုဂေါ် (မမယမ်း) ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ နတ်တလင်း ကျေးရွာရှိ ဘုန်းကြီးကျောင်း (၁)ကျောင်း ပျက်စီးခဲ့ရပြီး ကျောင်းတွင်း သီတင်းသုံးနေသည့်  အရှင် ဦးထာဝရ သက်တော် (၄၀)နှစ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU