ထောင်တွင်းဖိနှိပ်မှုများကြောင့် နာမည်ဆိုးထွက်သည့် သာယာဝတီထောင်ကို အင်းစိန်ထောင်မှ အကျဉ်းသား ၅၀၀ ပြောင်းရွှေ့ခံရ

ထောင်တွင်းဖိနှိပ်မှုများကြောင့် နာမည်ဆိုးထွက်သည့် သာယာဝတီထောင်ကို အင်းစိန်ထောင်မှ အကျဉ်းသား ၅၀၀ ပြောင်းရွှေ့ခံရ

ထောင်တွင်းဖိနှိပ်မှုများကြောင့် နာမည်ဆိုးထွက်သည့် သာယာဝတီထောင်သို့ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် (၅၀၀)ဦးကို ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့ နံနက်အစောပိုင်းတွင် ပြောင်းရွှေ့လိုက်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

စစ်ကောင်စီသည် အင်းစိန်အကျဉ်းထောင်မှ အကျဥ်းသား(၅၀၀)ဦးကို နံနက်(၁)နာရီမှ နံနက်(၅)နာရီကြားအချိန်တွင် သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး ပြောင်းရွှေ့ခံရသည့်အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ထက်ဝက်ကျော်ပါဝင်သည်ဟု ဆိုသည်။

“ထောင်ဘက်က ပြောဆိုမှုမှာတော့ အကျဉ်းထောင်ထဲမှာ လူဦးရေများပြားလာတဲ့အတွက်ကြောင့် တခြားထောင်တွေကို ပြောင်းရွှေ့တယ်ပေါ့။ ဒါပေမယ့် ဒါဟာအကြောင်းပြချက်သက်သက်ဖြစ်ပြီးမှ သာယာဝတီထောင်လို ထောင်ကိုမှ သတ်မှတ်လူဦးရေထက် အင်မတန်ကျော်လွန်တဲ့လူဦးရေကို ထည့်ထားတာဖြစ်တယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက TachileiK News Agency ကိုပြောသည်။

အဆိုပါအခြေအနေမျိုးတွင် အကျဉ်းသားများအား ထပ်ပို့ခြင်းသည် နိုင်ငံရေးအကျဉ်းသားများအား မိသားစုဝင်များနှင့် အဝေးဆုံး ထောင်များသို့ပို့ဆောင်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအပြင် အစားအသောက်နှင့် အခြားအခက်အခဲများ ကြုံတွေ့စေရန် ရည်ရွယ်ချက်ရှိရှိလုပ်ခြင်းဟု ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုသည်။

“သာယာဝတီထောင်ဟာ ဖိနှိပ်မှုနဲ့ နာမည်ကျော်လာတာနဲ့အမျှ ထောင်အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြသူတွေ၊ ဖိနှိပ်ခံ အကျဉ်းသားတွေဘက်က ရပ်တည်တဲ့သူတွေ ထောင်တွင်းလှုပ်ရှားမှုမှာ ပါဝင်တဲ့ သူတွေကို အဓိကရွေးပြီး ထောင်ပြောင်းလေ့ရှိတာကို တွေ့ရတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း အင်းစိန်အကျဉ်းထောင်အပါအဝင် နယ်အကျဉ်းထောင်များမှ အကျဉ်းသား (၂၀၀၀)ကျော်ကို ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်သို့ စစ်ကောင်စီက ပြောင်းရွှေ့ထားသည်။ 

ယခင်က နိုင်ငံရေးအကျဉ်းသား (၁၀၀၀)ဝန်းကျင်သာရှိသည့် သာယာဝတီထောင်တွင် ဖိနှိပ်မှုအမျိုးမျိုးပြုလုပ်နိုင်ရန် နိုင်ငံရေးအကျဉ်းသားများကို ပြောင်းရွှေ့ပေးနေသဖြင့် လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား (၄၀၀၀) နီးပါးရှိနေပြီဟု သိရသည်။

“သာယာဝတီထောင်ကို နိုင်ငံရေးအကျဉ်းသားတွေကို အလုံးအရင်းပြောင်းရွှေ့နေတဲ့အပေါ် သတိမူဖို့၊ သတိထား စောင့်ကြည့်ရမယ့် အခြေအနေတရပ်ဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အကျဉ်းထောင်ဖြစ်တဲ့အတွက် ရှေ့လျောက် နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ခံရဖို့ အန္တရာယ်လည်းများတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

သာယာဝတီထောင်တွင်းရှိ ထောင်အာဏာပိုင်းမှာ စစ်ကောင်စီဘက်က အသွင်းပြောင်းရောက်ရှိလာသည့် မိုးကျရွှေကိုယ်များ ဖြစ်နေခြင်းကြောင့် သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအား ဖိနှိပ်ရန် စနစ်တကျ ပြင်ဆင်လာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

 

“တော်လှန်ရေးကို ပြည်သူတွေက အာရုံစိုက်နေချိန်မှာ အကျဉ်းထောင်တွေဟာ အာရုံစိုက်ခံရခြင်းကနေ ကင်းလွတ်ခွင့်ရနေပါတယ်။ ဒီကင်းလွတ်ခွင့်အပေါ်မှာ အခြေတည်ပြီးမှ အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးပုဒ်မနဲ့ ရောက်လာသူတွေ၊ တော်လှန်‌ရေးအဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိကိုမှ ညှင်းပမ်းနှိပ်စက် ဖိနှိပ်တာတွေလုပ် နေတာဖြစ်တယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

သာယာဝတီအကျဉ်းထောင်တွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ဆေးဝါးကုသခွင့်မပေးခြင်း၊  အစာရေစာလုံလောက်စွာ မပေးခြင်း၊ အာဏာပိုင်များကိုယ်တိုင်က ညှင်းပမ်းနှိပ်စက်ခြင်းအပြင် ရာဇဝတ်အကျဉ်းသားများ၏ လိင်ပိုင်းစော်ကားမှုများပါရှိနေသည်ဟု ပြန်လည်လွတ်မြောက်လာသည့် နိုင်ကျဉ်းတစ်ဦးက Tachileik News Agency ကိုပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် စစ်တပ် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၇၄၁)ဦးရှိပြီး ထိုအထဲမှ (၂၁,၁၇၉)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၅၄၆)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြသည်။

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)